နေပြည်တော်လာမည့်သူများ Quarantine ၂၁ ရက် စောင့်ကြည့်ခံရမည်

နေပြည်တော်၊ ဧပြီ ၁၈

နေပြည်တော်သို့ လာမည့်သူများ ဧပြီ ၂၀ ရက်နေ့ မနက်မှစတင်ကာ Quarantine ၂၁ ရက် ဝင်ရမည်ဖြစ်ကာ ၎င်းအစီအစဉ်ကို လက်မခံပါက နေပြည်တော်ကောင်စီနယ်မြေသို့ အဝင်ခံမည်မဟုတ်ကြောင်း စစ်ဆေးရေးဂိတ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

"တနင်္လာနေ့ ၂၀ရက်နေ့ မနက်ရှစ်နာရီကနေစပြီး လုံးဝကို ဝင်ခွင့်မရှိတော့ဘူး။ သူတို့မဖြစ်မနေဝင်ချင်တယ်ဆိုရင် ၂၁ ရက် Quarantine အလုပ်ခံပြီးမှ စောင့်ကြည့်ခံပြီးမှ ဝင်လို့ရမယ်။ ဘယ်သူမဆို။ မဖြစ်မနေဝင်ရမယ်ဆိုရင်တော့ Quarantine စောင့်ကြည့်ခံပြီးမှ သူတို့အိမ် သူတို့ပြန်လို့ရမယ်။ Quarantine မဝင်ချင်ဘူးဆိုရင် မဝင်နဲ့။ ပြန်လှည့်။ မဖြစ်မနေမှဝင်ချင်တယ်ဆိုရင် Quarantine ၂၁ရက်က ကိုယ့်စရိတ်နဲ့ကိုယ်ဝင်ရမှာ။"ဟု နေပြည်တော် အဝင်တိုးဂိတ်ရဲ့ လုံခြုံရေး တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

Quarantine ဝင်ရမည့်သူများကို သက်ဆိုင်ရာနယ်မြေအလိုက် အစိုးရက နေစရာသတ်မှတ်ပေးထားမည် ဖြစ်ကာ စားသောက်ရေးအစီအစဉ်ကို မိမိဘာသာ စီစဉ်ရမည် ဖြစ်သည်။ ဒက္ခိဏမြို့နယ်တွင် အထက ၁၈၊
ဇေယျာသီရိတွင် ကျောက်ချက်ကျောင်း၊ တပ်ကုန်းတွင် အထက ၁ နှင့် ဥတ္တရမြို့နယ်တွင် အထက ၁၂ တို့ကို စီစဉ်ထားကြောင်း သိရသည်။

ဧပြီ ၁၈ ရက်နေ့ည မှစတင်ကာ နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ် အသီးသီးတွင် ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကိုထုတ်ပြန်ထားပြီ ဖြစ်သည်။

နေပြည်တော်အဝင် ငါးနေရာကို ဧပြီလ ၁၄ ရက်နေ့ ညနေကစတင်ပြီး ကျန်းမာရေးစစ်ဆေးမှုနှင့် ကိုယ်ရေးအချက်အလက် ကောက်ယူမှုများပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly