လုပ်သားများကို အလုပ်မဖြုတ်ရေး အသင်းဝင်စက်ရုံများကို အထည်ချုပ်လုပ်ငန်းရှင်အသင်းတိုက်တွန်း

လုပ်သားများကို အလုပ်မဖြုတ်ရေး အသင်းဝင်စက်ရုံများကို အထည်ချုပ်လုပ်ငန်းရှင်အသင်းတိုက်တွန်း
Photo  - AFP

ဧပြီ ၁၈၊ ၂၀၂၀

သင်္ကြန်ကာလပိတ်ရက်အပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လူငါးဦးထက်ပို၍ စုဝေးခြင်းမပြုရဟူသော ကန့်သတ်ချက်ရှိနေခိုက်တွင် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသည့် အလုပ်သမားများကို ခွင့်တိုင်ကြားစေပြီး အလုပ်အကိုင်တည်မြဲမှုအာမခံချက်ပေးရန် အသင်းဝင်စက်ရုံများကို မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက တိုက်တွန်းလိုက်သည်။

အသင်းဝင်စက်ရုံလုပ်ငန်းရှင်များအား " (က) COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် (ခ) မိမိဒေသအခြေအနေကြောင့်ဖြစ်စေ မိမိကိုယ်တိုင်အခြေအနေကြောင့်ဖြစ်စေ လုပ်ငန်းခွင်သို့ ပြန်လည်မဝင်ရောက်နိုင်သည့် အလုပ်သမားမှ သက်ဆိုင်ရာ အလုပ်ရုံ သို့မဟုတ် တာဝန်ခံလူကြီးတစ်ဦးဦးသို့ ဖုန်းဆက်ခြင်း၊ မက်ဆေ့ချ်ပို့ခြင်း၊ Viber မက်ဆေ့ချ်ပို့ခြင်း၊ အီးမေးလ်ပို့ခြင်း စသည့် နည်းလမ်းများဖြင့် ခွင့်တိုင်ကြားလျှင် ၂၀.၀၄.၂၀၂၀ မှ ၃၀.၀၄.၂၀၂၀ ရက်နေ့ကာလအတွင်း လုပ်ခလစာမဲ့ခွင့်ဖြင့် ခွင့်ပြုပြီး အလုပ်အကိုင်တည်မြဲမှုအတွက် အာမခံချက်ပေးရန်" တိုက်တွန်းနှိုးဆော်အပ်ပါသည်ဟု ပါရှိသည်။

ကြေညာချက်ကို မြန်မာနိုင်ငံ တရုတ် အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ကိုရီးယား အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံရှိ ဂျပန်အထည်ချုပ်လုပ်ငန်းရှင်များအုပ်စု တို့ကလည်း ပူးတွဲ တိုက်တွန်းထားသည်။
 
ရန်ကုန်တိုင်းဒေသကြီးတွင် အထည်ချုပ်စက်ရုံ ၆၀၀ နီးပါးရှိပြီး လုပ်သားဦးရေ ၁၇၀,၀၀ ကျော်ရှိသည်။
 
ကိုဗစ်-၁၉ ကပ်ဘေးကြောင့် အထည်ချုပ်စက်ရုံ ၄၀ ရာခိုင်နှုန်းခန့် စီးပွားရေးအရ ပြင်းထန်သော ထိခိုက်ဆုံးရှုံးမှုများရှိကာ မတ်လနှောင်းပိုင်းတွင်ပင် စက်ရုံ ၄၀ ကျော်မှ လုပ်သား ၂၅,၀၀၀ ခခန့် အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်။

" အလုပ်သမားတွေ အလုပ်ပြန်မဝင်ရင် အလုပ်ကနေ ရပ်စဲမယ်ဆိုတဲ့အနေအထားရှိတဲ့အပြင် သင်္ကြန်ကာလအတွင်း ပိတ်ရက်အတွက် လုပ်ခမပေးဘူးဆိုပြီးလည်း အလုပ်ရှင်ဘက်က ပြောနေတာတွေရှိတယ်လို့ သိရတယ်။...ဒီအချိန်မှာ အလုပ်ပြုတ်သွားရင် အလုပ်ပြန်ရှာဖို့ လွယ်တဲ့အခြေအနေမဟုတ်တဲ့အတွက် ကျွန်မတို့အနေနဲ့ လက်ရှိမှာ အလုပ်သမားတွေကို ဥပဒေအရ ဘယ်လိုကာကွယ်ပေးမှုတွေရှိလဲ၊ ခွင့်တိုင်ကြားနိုင်မယ့် အခြေအနေတွေရှိလဲဆိုတာကို Hotline ဖုန်းတွေထားပြီး ကူညီပေးနေပါတယ်။ ဒီကနေ အလုပ်သမားတွေအနေနဲ့ ခွင့်တိုင်ကြားရမယ့်ပုံစံ (နာမည်၊ နေရပ်လိပ်စာ၊ စက်ရုံအမည်) စတဲ့အချက်အလက်တွေကို ဖြည့်ပြီး တင်လို့ရအောင် စီစဉ်ပေးထားပါတယ်။" ဟု မြန်မာနိုင်ငံ ကုန်ထုတ်မှုနှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) မှ ဥက္ကဋ္ဌဖြစ်သူ ဒေါ်ခိုင်ဇာအောင်က ပြောသည်။

"ဒီလိုခွင့်တိုင်ကြားမှုကကိုယ့်မှာရှိတဲ့လုပ်သက်ခွင့်၊ရှောင်တခွင်ခွင့်၊ဆေးခွင့်၊မီးဖွားခွင့်တို့အပြင်လစာမဲ့ခွင့်အနေနဲ့ယူနိုင်တယ်။အကယ်၍လစာမဲ့ခွင့်အဖြစ်ယူလိုက်ပြီးအလုပ်ရှင်ဘက်ကအလုပ်ဖြုတ်လိုက်တဲ့အခြေနေမျိုးရှိလာရင် ကျွန်မတို့ကို အကြောင်းကြားရင် လိုက်ပြီး ကူညီဖြေရှင်းပေးဖို့အထိ စီစဉ်ထားပါတယ်။" ဟု ဆက်ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွင် လူ ငါးဦးထက်ပို၍ စုဝေးခွင့် ပိတ်ပင်ထားသော်လည်း စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းခွင်များသု့ိ သွားရောက်ခြင်းကို ခွင့်ပြုထားသည်။
 
လက်ရှိ မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံပေါင်း ၆၀၀ နီးပါးခန့်ရှိပြီး COVID-19 ရောဂါကူးစက်ပျံ့ပွားဖြစ်ပွားမှုကြောင့် အထည်ချုပ်စက်ရုံ ၄၀ ရာခိုင်နှုန်းခန့် စီးပွားရေးအရ ပြင်းထန်းသော ထိခိုက်နစ်နာဆုံးရှုံးမှုများရှိကာ မတ်လနှောင်းပိုင်းတွင် စက်ရုံပေါင်း ၄၀ ကျော် မှ အလုပ်သမားပေါင်း ၂၅၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်ခဲ့သည်။

ခန့်မှန်းခြေ အမျိုးသမီးလုပ်သားပေါင်း ခုနှစ်သိန်း ခန့်ဖြင့် လည်ပတ်လုပ်ကိုင်လျက်ရှိသည့် မြန်မာ့အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် လုပ်သားပေါင်း သုံးသိန်းခွဲ ခန့်သည် လက်ရှိတွင် လစာမဲ့ဆိုင်းငံ့ခံရခြင်း နှင့် အလုပ်အကိုင်များကို ရပ်စဲခံရခြင်း စသည့် ထိခိုက်နစ်နာမှုများ ကြုံတွေ့လျက်ရှိနေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly