ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ဂျပန်တွင် တနိုင်ငံလုံးအတိုင်းအတာ အရေးပေါ်အခြေအနေ ကြေညာ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ဂျပန်တွင် တနိုင်ငံလုံးအတိုင်းအတာ အရေးပေါ်အခြေအနေ ကြေညာ

ဧပြီ ၁၇

နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဆက်လက် ဖြစ်ပေါ်နေသည့်အတွက် တနိုင်ငံလုံးအနှံ့ အရေးပေါ်အခြေအနေတစ်ရပ်ကို ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဧပြီ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာသွားခဲ့သည်။

၀န်ကြီးချုပ် အာဘေးသည် ပြီးခဲ့သည့် တစ်ပတ်ကျော်ခန့်က တိုကျို နှင့် အခြား စီရင်စု ခြောက်ခုတွင်သာ တစ်လတာ အရေးပေါ်အခြေအနေတစ်ရပ် ကြေညာထားခဲ့ရာကနေ ယခုအခါ တနိုင်ငံလုံးအတိုင်းအတာကို တိုးမြှင့် ကြေညာသွားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် စီးပွားရေးဆိုင်ရာ ကျပ်တည်းမှုများကနေ သက်သာလျော့ပါးစေနိုင်ရန်အတွက် ဂျပန်နိုင်ငံသားတစ်ယောက်စီတိုင်းကို ငွေသားအကူအညီ ယန်း တစ်သိန်း (ဒေါ်လာ ၉၃၀ ခန့်) စီ ထောက်ပံ့ပေးသွားရန် စီစဉ်နေကြောင်း ဝန်ကြီးချုပ်က ကြေညာသွားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ဂျပန်တွင် ပြီးခဲ့သည့်အပတ်အစောပိုင်းက တစ်လကြာ အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်သည် တိုကျို နှင့်အတူ ကာနာဂါဝါ၊ ဆိုင်းတာမ ၊ ချီဘာ ၊ အိုဆာကာ၊ ဟယောဂိုး နှင့် ဖုကုအိုက စီရင်စုများကိုသာ လွှမ်းခြုံခဲ့သည်။

ယခု ကြေညာလိုက်သည့် အရေးပေါ်အခြေအနေအောက်တွင် ဂျပန်နိုင်ငံ၏ စီရင်စု ၄၇ ခုစလုံးကို လွှမ်းခြုံမည်ဖြစ်သည်။

“သက်ဆိုင်ရာ ဧရိယာတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေကို ဟန့်တားထိန်းချုပ်ဖို့ စီရင်စုအားလုံးအတွက် အရေးပေါ်အခြေအနေ ကြေညာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် အာဘေးက ကိုရိုနာဗိုင်းရပ်စ် တုန့်ပြန်ကိုင် တွယ်ရေးဆိုင်ရာ အစိုးရ၏အထူးအဖွဲ့ အစည်းအဝေးတစ်ခုတွင် ပြောသွားသည်။

ယခုကဲ့သို့ တနိုင်ငံလုံးအဆင့် အရေးပေါ်အခြေအနေ ကြေညာရသည့် ရည်ရွယ်ချက်မှာ ဂျပန်ပြည်သူများ တစ်ဦးနှင့်တစ်ဦး ပတ်သက်ထိတွေ့မှုကို ၈၀ ရာခိုင်နှုန်းအထိ ကန့်သတ်နိုင်ရန် ဖြစ်ကြောင်း အာဘေးက ပြောသွားခဲ့ သည်။

ယခု အရေးပေါ်အခြေအနေ ကြေညာချက် အမိန့်သည် မေလ ၆ ရက်အထိ အသက်ဝင်နေမည်ဖြစ်သည်။

လက်ရှိအချိန်တွင် ဂျပန်နိုင်ငံတဝန်း လူပေါင်း ၉,၀၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း NHK သတင်းဌာနက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required