ခရစ္စတီယာနို ရော်နယ်ဒိုကို စာရင်းထဲမထည့်ခဲ့တဲ့ ဘာလော့တယ်လီရဲ့ အကောင်းဆုံးအသင်း

ခရစ္စတီယာနို ရော်နယ်ဒိုကို စာရင်းထဲမထည့်ခဲ့တဲ့ ဘာလော့တယ်လီရဲ့ အကောင်းဆုံးအသင်း

ပရီးမီးယားလိဂ်၊ စီးရီးအေနဲ့ ပြင်သစ်လိဂ်တွေမှာ ဂိုးသွင်းကောင်းတဲ့ ကစားသမားတစ်ယောက်အဖြစ် အသိအမှတ်အပြုခံခဲ့ရတဲ့ တိုက်စစ်မှူး ဘာလော့တယ်လီက သူ့ရဲ့ ကစားသမားဘဝ အတွေ့အကြုံတွေနဲ့ အကောင်းဆုံးအသင်းတစ်သင်းကို ရွေးချယ်လိုက်ပါတယ်။

မန်စီးတီးအသင်း၊ အေစီမီလန်နဲ့ နိုက်စ်အသင်းတို့မှာ ဂိုးသွင်းစက် ဖြစ်ခဲ့တဲ့ ဘာလော့တယ်လီဟာ လက်ရှိအချိန်မှာတော့ စီးရီးအေကလပ် ဘရက်စီယာအသင်းအတွက် ကစားပေးနေရသူဖြစ်ပြီး အီတလီနဲ့ ဘရာဇီးလက်ရွေးစင် ကစားသမား တော်တော်များများကို သူ့ရဲ့အသင်းမှာ တွေ့နိုင်ပါတယ်။

တိုက်စစ်နေရာမှာ မက်ဆီကို ရွေးချယ်ခဲ့တဲ့ ဘာလော့တယ်လီဟာ မက်ဆီရဲ့ အဓိက ပြိုင်ဖက် ခရစ္စတီယာနို ရော်နယ်ဒိုကိုတော့ သူ့ရဲ့အသင်းမှာ နေရာပေးခဲ့ခြင်း မရှိပါဘူး။

ဘာလော့တယ်လီက အသင်းရဲ့တိုက်စစ်မှာ ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒိုကို မက်ဆီနဲ့ တွဲပေးခဲ့ပြီး နောက်ချန်တိုက်စစ်နေရာမှာတော့ အီတလီတိုက်စစ်မှူး ကာဆာနိုကို ထည့်သွင်းထားပါတယ်။

ကွင်းလယ်မှာတော့ ဂျရတ်၊ ပီယာလို အတွဲကို ရွေးထားပြီး သူတို့နဲ့အတူ မန်စီးတီးအသင်းဖော်ဖြစ်ခဲ့ဖူးတဲ့ ယာယာတိုရေးကိုပါ ထည့်သွင်းရွေးချယ်ထားတာကို အံ့အားသင့်ဖွယ်မြင်ရမှာပါ။

“ပီယာလိုဟာ တစ်ရာသီမှာ (၁၀)ဂိုးလောက်ကတော့ အနည်းဆုံး အာမခံပါလိမ့်မယ်။ ယာယာတိုရေးကတော့ အားလုံးလုပ်နိုင်တဲ့သူပါ။ အကောင်းဆုံးအသင်းဖြစ်ဖို့ဆိုရင် အာဆင်နယ်တိုက်စစ်မှူး အွန်နရီနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့ကိုတော့ ကျွန်တော် ချန်ခဲ့ရမယ်ထင်တယ်။”လို့ ဘာလော့တယ်လီက မှတ်ချက်ပေးပါတယ်။

ခံစစ်ပိုင်းမှာတော့ ဘရာဇီးနောက်ခံလူတွေဖြစ်တဲ့ မက်စ်ဝဲလ် ၊ မိုင်ကွန်တို့ကို ဘယ်ညာနောက်ခံလူတွေအဖြစ် ရွေးထားပြီး အီတလီခံစစ်အတွဲဖြစ်တဲ့ နက်စတာနဲ့ ကန်နဗာရိုးတို့ကိုတော့ ခံစစ်ဗဟို ကစားသမားတွေအဖြစ် ရွေးချယ်ထားပါတယ်။ ဂိုးသမားနေရာမှာတော့ ဂျူလီယို ဆီဇာ ပါ။

ပရိသတ်တွေကတော့ ဘာလော့တယ်လီ ရွေးချယ်ထားတဲ့အသင်းဟာ ကွင်းလယ်ခံစစ်မှာ အားနည်းနေမှာဖြစ်ပြီး ဂျရတ်နဲ့ ယာယာတိုရေးဟာ တိုက်စစ်ကို ပိုမိုအားသန်ကြသလို၊ ပီယာလိုကလည်း ဘောလုံးကို ဖျက်ထုတ်မှုမှာ အားနည်းတာကြောင့် ပြိုင်ဖက်ကို ဂိုးပေးရမယ့်အသင်းလို့ မှတ်ချက်ပေးနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly