COVID-19 အတည်ပြူလူနာစာရင်းတွင် အဆိုတော် J-Me ၏ ဇနီးပါဝင်လာ

ရန်ကုန်၊ ဧပြီ ၁၆

ကျန်းမာရေးဝန်ကြီးဌာနက COVID-19 လူနာထပ်တိုး ၁၁ ဦးစာရင်းကိုထုတ်ပြန်ခဲ့ရာ အဆိုတော် J-Me ၏ ဇနီးမှာ လူနာနံပတ် (၇၇) အဖြစ် စာရင်းတွင် ပါဝင်လာခဲ့ကြောင်း စမ်းချောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်ကပြောသည်။

အဆိုတော် J-Me တက်ရောက်ခဲ့သည့် ဘာသာရေးအခမ်းအနားငယ်တစ်ခုတွင် အတူတက်ခဲ့သူတစ်ဦးထံ၌ COVID -19 တွေ့ရှိခဲ့ပြီးနောက် ကျန်းမာရေး အာဏာပိုင်များက ၎င်းနှင့် အတူနေ မိသားစုဝင်နှစ်ဦးကို လှိုင်မြို့နယ်ရှိ Facility Quarantine Center သို့ ဧပြီ ၁၄ ရက်ကပို့ဆောင်ထားခြင်းလည်းဖြစ်သည်။

“ အဆိုတော် J-Me နဲ့ ကလေးမှာ ပိုးမတွေ့ဘူးလို့ပြောတယ်။ သူ့ဇနီးမှာ ပိုးတွေ့တာ။ (ဘာသာရေးအခမ်းအနား) သွားတဲ့သူက ဂျေမီ” ဟုဦးသော်တာအောင်ကပြောသည်။

ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် အသက် ၃၃ နှစ်အရွယ် ကူးစက်ခံရသူအမျိုးသမီးမှာ ထိတွေ့ဟုရေးသားထားသော်လည်း မည်သည့်အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သည်ကို မဖော်ပြထားသောကြောင့် တွေးစရာဖြစ်နေသည်ဟုလည်း ၎င်းက သုံးသပ်သည်။

အဆိုတော် J-Me သည် COVID-19 အတည်ပြုလူနာအဖြစ်သတ်မှတ်ခံထားရသူများဖြစ်သော ရော့ခ်အဆိုတော် မျိုးကြီး၊ တရားဟောဆရာ ဒေးဗစ်လားတို့နှင့်အတူ ရန်ကုန်မြို့ အင်းစိန်တွင် ပြုလုပ်သော ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားတစ်ခုတွင် တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အဆိုတော် J-Me နေထိုင်ခဲ့သည့် ဦးဖီးလမ်းရှိ အပိုင်းတစ်ပိုင်းဖြစ်သော လက်ပံလမ်းနှင့် ဆီဆုံလမ်းကြား အပိုင်းတစ်ခုကို Lock down ပြုလုပ်ထားပြီဟုလည်းသိရသည်။

ဧပြီ ၁၆ ရက်နေ့ မွန်းလွဲပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၈၅ ဦးနှင့် သေဆုံးသူ လေးဦးရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly