ဧပြီ ၁၅
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများမှာ ဆေးလိပ်သောက်သူ အများအပြားတွေ့ရှိရတယ်လို့ တရုတ်နှင့်အီတလီတို့၏ ကနဦးလေ့လာမှုများက ထောက်ပြခဲ့ပြီး ဆေးလိပ်ဖြတ်မည်ဆိုပါက ယခုအချိန်သည် အကောင်းဆုံးဖြစ်ကြောင်း Newcastle မှ သုတေသီများက သတိပေးထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ အဆုတ်ထိခိုက်ကာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်း၊ လည်ချောင်းနာခြင်းနှင့် ပင်ပင်နွမ်းနယ်ခြင်းတို့ ဖြစ်စေပြီး ရောဂါပြင်းထန်ပါက အသက်ရှူလမ်းကြောင်းဆိုင်ရာအခက်အခဲဖြစ်ပြီး သေဆုံးနိုင်တယ်လို့သိရပြီး COVID-19 ရောဂါကို ခံနိုင်ရည်မရှိကြတဲ့အတွက် ဆေးလိပ်ဖြတ်ကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း တိုက်တွန်းခဲ့ပါတယ်။
Australian Institute of Health and Welfare ၏ အဆိုအရကတော့ နာတာရှည်ရောဂါနဲ့သေဆုံးခြင်းများအတွက် ဆေးလိပ်သောက်ခြင်းဟာ အန္တရာယ်အများဆုံး အချက်ဖြစ်တယ်လို့ ပြောခဲ့ပြီး နှလုံးရောဂါပိုဖြစ်ကာ COVID-19 ကြောင့် သေဆုံးသူများထဲမှာ နှလုံးရောဂါသည် အများအပြားပါဝင်ကြောင်းသိရပါတယ်။
အီတလီနိုင်ငံမှာ ဆေးလိပ်သောက်သူ ၂၄ % ခန့်ရှိပြီး သေဆုံးသူဦးရေများရခြင်းမှာ ဆေးလိပ်သောက်ခြင်းနှင့်လည်း ဆက်စပ်နိုင်ကြောင်း အောက်စ်ဖို့တက္ကသိုလ်မှထုတ်ပြန်တဲ့ သက်သေအထောက်အထားအခြေခံ ဆေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ခုခံအားနည်းသူများ ရောဂါကူးစက်ခံရပါက အပြင်းအထန်ခံစားရပြီး ဆေးလိပ်ငွေ့ဟာ ခုခံအားကျဆင်းစေသည့်အရာဖြစ်ပါတယ်။ ဆေးလိပ်သောက်သူများဟာ ပါးစပ်နဲ့မျက်နှကိုာ ကြိမ်ဖန်များစွာ ထိနေတာကြောင့် COVID-19 ကူးစက်မှုကို ဖြစ်လွယ်စေပါတယ်။
ဆေးလိပ်ဖြတ်ပြီးမှာတော့ အဆုတ်အားကောင်းလာပုံကို ထောက်ကြည့်ခြင်းအားဖြင့် ယခင်က ဆေးလိပ်သောက်ဖူးသူများ ဆေးလိပ်ဖြတ်လိုက်ပါက COVID-19 ကြောင့် ထပ်တိုးရောဂါသစ်ကို လျှော့ချနိုင်ဖွယ်လည်းရှိပါတယ်။
ဆေးလိပ်ဖြတ်တဲ့အကျိုးကျေးဇူးများကို ချက်ချင်းရပြီး ၂၄ နာရီအတွင်း အဆုတ်ရဲ့လုပ်ဆောင်ချက် တိုးတက်လာကာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများလည်း သက်သာလာလို့ ခန္ဓာကိုယ် စတင်နာလန်ထူလာပါတော့တယ်။ ချက်ချင်းသတိမထားမိပေမယ့် ဆေးလိပ်ဖြတ်ပြီး လချီကြာလာသည့်အခါ သိသာလာပြီး အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်မှာရှိတဲ့ cilia ခေါ် ဆံချည်မျှင်ပုံစံဆဲလ်များဟာ ချွဲသလိပ်နဲ့အညစ်အကြေးများကို သန့်ရှင်းရာမှာ ပိုမိုစွမ်းဆောင်လာနိုင်ပြီး အလွယ်တကူ အသက်ရှူလာနိုင်မှုကို စတင်သတိထားမိပါလိမ့်မယ်။ ရေရှည်ချောင်းဆိုးခြင်း၊ ချွဲသလိပ်ထခြင်း၊ အသက်ရှူရာ၌ချွဲသံပါခြင်း စတဲ့ နာတာရှည် ချောင်းဆိုးရင်ကျပ်ရောဂါများဟာလည်း သိသိသာသာ လျော့နည်းသွားပါတော့တယ်။ ပန်းနာရင်ကျပ်ရှိသူများဟာလည်း ဆေးလိပ်ဖြတ်ပြီး လအနည်းငယ်အကြာ အဆုတ်ရဲ့လုပ်ဆောင်ချက်များကောင်းလာပြီး ကုသရာတွင်လည်း ပိုမိုထိရောက်မှုရှိလာကြောင်း တွေ့ရပါမယ်။
ဆေးလိပ်ဖြတ်လိုက်ပါက ချောင်းဆိုးရင်ကျပ်နာနဲ့ အဆုတ်ရောင်ရောဂါကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဟာလည်း သက်သာသွားမှာဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်ဖို့ အကူအညီလိုပါက အစားထိုးအဖြစ် နီကိုတင်းပီကေ၊ နီကိုတင်းကပ်ခွါပြား၊ ပူရှိန်း၊ ရှူဆေးများကို ဆရာဝန်နှင့်တိုင်ပင်ပြီး သုံးသင့်ပါတယ်။
Lockdown ချမှတ်ခံထားရစဉ် လူမှုဆိုင်ရာ အချင်းချင်းအားပေးမှုကလည်း အရေးပါတဲ့ အခန်းကဏ္ဍမှပါဝင်ပြီး ဆေးလိပ်ဖြတ်ချင်သူများအနေဖြင့် online တွင် အဖွဲ့ဖွဲ့ကာ လူမှုကွန်ရက်များဖြစ်တဲ့ Houseparty၊ Zoomနဲ့ Skype မှတစ်ဆင့် အချင်းချင်း ကူညီဖေးမနိုင်ပါတယ်။ ကပ်ရောဂါနဲ့ ကြုံသည်ဖြစ်စေ မကြုံသည်ဖြစ်စေ ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေသလို ဝင်ငွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။
ယခုအချိန်မှာတော့ ဆေးလိပ်သောက်သုံးမှုကို လျှော့ချခြင်း ဒါမှမဟုတ် လုံးဝဖြတ်လိုက်မယ်ဆိုပါက COVID-19 ကူးစက်ခံရလျှင်ပင် အခြေအနေဆိုးတော့မှာမဟုတ်ဘဲ အသက်ရှည်ရှည်နဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ အထောက်အကူဖြစ်စေမယ် ဆိုတာ မလွဲဧကန်ပင်ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။