ကမ္ဘာ့ကပ်ရောဂါဆိုက်နေစဉ်ကာလထဲမှာ ကျင်းပတဲ့ တောင်ကိုရီးယား ရွေးကောက်ပွဲ

ကမ္ဘာ့ကပ်ရောဂါဆိုက်နေစဉ်ကာလထဲမှာ ကျင်းပတဲ့ တောင်ကိုရီးယား ရွေးကောက်ပွဲ

ဧပြီ ၁၅

ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုတွေ ရှိနေပေမယ့်လည်း တောင်ကိုရီးယားနိုင်ငံမှာတော့ ပါလီမန်ရွေးကောက်ပွဲကို ယနေ့ ဧပြီ ၁၅ ရက်မှာ ကျင်းပနေပြီ ဖြစ်ပါတယ်။

ဧပြီ ၁၅ ရက်မှာ မဲဆန္ဒရှင်တွေ မဲရုံတွေဆီ ဦးတည် သွားရောက်နေကြလျက် ရှိပြီး လက်ရှိကာလ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ခြိမ်းခြောက်မှု ရှိနေပေမယ့် ဒီရွေးကောက်ပွဲမှာ မဲလာပေးသူအရေအတွက် များပြားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စတင် ဖြစ်ပွားပြီးနောက်ပိုင်း တောင်ကိုရီးယားဟာ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပတဲ့ ပထမဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ မဲပေးသူတွေရဲ့ ဘေးကင်းရေးအတွက် လိုအပ်တဲ့ အစီအမံတွေ ဖြန့်ကျက်လုပ်ဆောင်ထားသလို ဒီမတိုင်ခင်ကတည်း မဲဆွယ်စည်းရုံးမှုတွေကိုလည်း လုပ်ထားပြီး ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မဲပေးမှုမှာတော့ မဲပေးသူတွေကို ကိုယ်အပူချိန်တိုင်းတာ၊  မဲရုံတွေမှာ လက်အိတ်တွေ ဝေပေးတာတို့ကိုလည်း လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် အဖျားရှိနေသူတွေအတွက် သီးခြားမဲရုံတွေ ထားပေးတာ၊ quarantine (သီးခြားနေထိုင်စောင့်ကြည့်မှုခြံခင်း) ချထားသူတွေအတွက်လည်း အထူးမဲရုံတွေ စီစဉ်ပေးထားတာတို့လည်း လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

တောင်ကိုရီးယား ပါလီမန်ရွေးကောက်ပွဲ မဲပေးမှုတွေကိုတော့ ဒေသစံတော်ချိန် မနက် ၆ နာရီမှ စတင်ခဲ့ပြီး ဒီရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်ပေါင်း ၄၃ ဒသမ ၉ သန်း ရှိတယ်လို့ သိရပါတယ်။

နိုင်ငံသားအားလုံး အကာအကွယ် နှာခေါင်းစည်းတွေ တပ်ထားရမှာဖြစ်သလို မဲရုံတွေမှာ အပူချိန်တိုင်းတာ စစ်ဆေးခြင်းကို ခံယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် မဲဆန္ဒရှင်တွေကိုလည်း မဲရုံတွေမှာ လက်တွေကို လက်သန့်ဆေးနဲ့ ဆေးဖို့၊  ဆေးပြီးပြီးချင်း လက်အိတ်တွေ စွပ်ဖို့၊ တစ်ဦးနဲ့တစ်ဦး အနည်းဆုံး သုံးပေခွာပြီး နေဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

“သီးခြားနေထိုင်မှု ကမ်ပိန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေရဲ့ လှုပ်ရှားမှုတွေ ကျုံ့နေတဲ့အချိန် အတော့်ကို ခက်ခဲတဲ့ အချိန်ကာလမျိုးမှာ ကျွန်တော်တို့ဟာ ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပနေရတာပါ” ဟု တောင်ကိုရီးယား ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ Kwon Soon-il  က ပြောသွားပါတယ်။

တောင်ကိုရီးယားနိုင်ငံကတော့ တရုတ်ပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပထမဆုံးစဖြစ်တဲ့ နိုင်ငံတွေထဲမှာ ပါဝင်ခဲ့ပါတယ်။ ကူးစက်မှုဖြစ်ချိန်တုန်းက ယင်းနိုင်ငံဟာ ကမ္ဘာ့ဒုတိယမြောက် အကြီးဆုံး ကူးစက်မှုနဲ့ ကြုံခဲ့ပေမယ့် ယင်းနောက်ပိုင်း စစ်ဆေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်တာ၊ ထိတွေ့ပတ်သက်မှု နောက်ကြောင်းလိုက်တဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်ခဲ့တာကနေတဆင့် ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကို တော်တော်များများ ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly