ဟစ်ဟော့အဆိုတော် J-Me နှင့်မိသားစု Quarantine ဝင်၊ နေထိုင်ခဲ့သည့်လမ်းကိုခေတ္တပိတ်

ဟစ်ဟော့အဆိုတော် J-Me နှင့်မိသားစု Quarantine ဝင်၊ နေထိုင်ခဲ့သည့်လမ်းကိုခေတ္တပိတ်

ရန်ကုန်၊ ဧပြီ ၁၄

ဘာသာရေးအခမ်းအနားငယ်တစ်ခုတွင် အတူတက်ခဲ့သူတစ်ဦးထံ၌ COVID -19 တွေ့ရှိခဲ့ပြီးနောက် ကျန်းမာရေး အာဏာပိုင်များက နာမည်ကျော် ဟစ်ဟော့ အဆိုတော် J-Me နှင့် အတူနေ မိသားစုဝင်နှစ်ဦးကို လှိုင်မြို့နယ်ရှိ Facility Quarantine Center သို့ ပို့ဆောင်ပေးလိုက်သည်။

အဆိုတော် J-Me  နှင့် မိသားစုဟာ ဧပြီ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက ကိုယ်ပိုင်ကားဖြင့် တောင်ဉက္ကလာရှိဆေးရုံ တစ်ခုသို့သွားရောက် အစစ်အဆေးခံခဲ့သည်။

စမ်းချောင်းမြို့နယ်  (မဲဆန္ဒနယ် အမှတ် ၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသော်တာအောင်က  “တိုင်းကျန်းမာရေးနဲ့ J-Me နဲ့တိုက်ရိုက်ဆောင်ရွက်တယ်လို့သိရတယ်”  ဟု ပြောသည်။

“ သူနေထိုင်ခဲ့တဲ့အိမ်ကိုတော့ ဦးဖီးလမ်းလို့ခေါ်တာပေါ့ အဲ့လမ်းရဲ့အပိုင်းတစ်ပိုင်းပေါ့။ လက်ပံလမ်းနဲ့ ဆီဆုံလမ်းကြားအပိုင်းလေးတစ်ခုကိုတော့ ညနေကခဏပိတ်ထားတယ်။ တိုက် လေးလုံးစာလောက်တော့ရှိမှာပေါ့” ဟု ဦးသော်တာအောင်ကပြောသည်။

အဆိုပါကိစ္စနှင့်ပက်သက်၍ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးဘိုဘိုဦးကလည်း “ ဧပြီ ၁၃ ရက်နေ့ MOHS ၏ထုတ်ပြန်ချက်ပါ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့သူတို့နှင့် အခမ်းအနားအတူတက်ရောက်ခဲ့သူ တစ်ဦးနှင့် အတူနေမိသားစုဝင်နှစ်ဦး၊ ပေါင်းသုံးဦးကို ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ ဆက်သွယ်ပြီး ညနေ ၃ နာရီတွင် နေအိမ်မှ တောင်ဥက္ကလာပဆေးရုံသို့ ခေါ်ယူ၍ဆေးစစ်မည်” ဟူ၍ ၎င်း၏လူမှုကွန်ယက်တွင်ရေးသားထားသည်။

အဆိုတော် J-Me သည် COVID-19 အတည်ပြုလူနာအဖြစ်သတ်မှတ်ခံထားရသော ရော့ခ်အဆိုတော် မျိုးကြီးနှင့်အတူ ရန်ကုန်မြို့ အင်းစိန်တွင် ပြုလုပ်သော ဝတ်ပြုဆုတောင်းပွဲ အခမ်းအနားတစ်ခုတွင် တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ဧပြီလ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် ည ၉နာရီကျော်အထိ မြန်မာနိုင်ငံတွင် ကိုရိုနာကူးစက်ခံရသူ ၆၃ဦးနှင့် သေဆုံးသူ လေးဦး၊ ပြန်လည်သက်သာလာသူ နှစ်ဦးအပါအဝင် စောင့်ကြည့်လူနာပေါင်း ၁၃၉၄ ဦးအထိရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly