ပြင်သစ်၌ Lockdown ကာလ ထပ်မံတိုးမြှင့်

ဧပြီ ၁၄

ပြင်သစ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် Lockdown ကာလကို မေလ ၁၁ ရက်မတိုင်ခင်အထိ ရက်သတ္တပတ် လေးပတ် ထပ်မံတိုးမြှင့်လိုက်ကြောင်း သမ္မတ အမ်မန်နျူရယ်မက်ခရွန်က ဧပြီ ၁၃ ရက်က ကြေညာလိုက်သည်။

သမ္မတက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်ပတ်သက်ပြီး တတိယအကြိမ် ရုပ်မြင်သံကြားမိန့်ခွန်း ပြောကြားရာ၌ ပြင်သစ်နိုင်ငံသည် ကပ်ရောဂါအကျပ်အတည်းအတွက် ကြိုတင်ပြင်ဆင်ထားခြင်းမရှိခဲ့သည့်အပြင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာများ၌ အားနည်းချက်များနှင့်မပြည့်စုံမှုများ ရှိခဲ့သည်ဟု ဝန်ခံခဲ့သည်။

ပြင်သစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၃၅ ၀၀၀ ကျော်နှင့် သေဆုံးသူပေါင်း ၁၄,၉၆၇ ဦး ရှိပြီဖြစ်သည်။ အမေရိကန်၊ စပိန်နှင့်အီတလီတို့သည် ပြင်သစ်ထက် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ပိုများသည်။

သမ္မတ မက်ခရွန်က ဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ တုံ့ပြန်လုပ်ဆောင်နေကြသော ပြင်သစ်နိုင်ငံသား အားလုံးအပါအဝင် ဆေးဘက်အကူများ၊ သူနာပြုများနှင့် ရှေ့တန်းမှ အလုပ်သမားများအားလုံးကို ချီးကျူးခဲ့သည်။ အထူးကြပ်မတ်ဆောင်၌ ကုသမှုပေးနေရသောလူနာအရေအတွက်သည် လေးရက်ဆက်တိုက် ကျဆင်းခဲ့သည်ဟု ကျန်းမာရေးအာဏာပိုင်များက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

  “ဒီတိုက်ပွဲမှာ မျှော်လင့်ချက်ကလွဲလို့ ဘာမှမရှိပါဘူး  ၊ ဗိုင်းရပ်စ်ပျံ့နှံ့မှုတားဆီးနိုင်အောင် ကျွန်တော်တို့ ကြိုးစားအားထုတ်ရမှာပါ၊ lockdown ချမှတ်ထားတာတွေကို တဖြည်းဖြည်းချင်း ရုပ်သိမ်းသွားမှာပါ” ဟု မက်ခရွန်က ပြောခဲ့သည်။

မေလ ၁၁ ရက်နေ့တွင် ကျောင်းများနှင့် အချို့နေရာများကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်သော်လည်း လူများစုဝေးခြင်းနှင့်အပန်းဖြေမှုများကို အနည်းဆုံး ဇူလိုင်လအလယ်ထိ တားမြစ်ပိတ်ပင်ထားမည် ဟုဆိုသည်။

ပြင်သစ်သည် မတ်လ ၁၇ ရက်မှ စတင်ကာ နိုင်ငံအား Lockdown ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ ရဲများက စောင့်ကြပ်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး စည်းကမ်းချိုးဖောက်သူ  ငါးသိန်းခန့်ကို တစ်ဦးလျှင် ၃၅ ယူရိုမှ ၃၇၅ ယူရိုအထိ ဒဏ်ငွေရိုက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly