အိန္ဒိယ၌ Lockdown စည်းကမ်းချိုးဖောက်သော နိုင်ငံခြားသားများအား တောင်းပန်စာ အကြိမ် ၅၀၀ ရေးခိုင်း၍ ဒဏ်ပေး

အိန္ဒိယ၌ Lockdown စည်းကမ်းချိုးဖောက်သော နိုင်ငံခြားသားများအား တောင်းပန်စာ အကြိမ် ၅၀၀ ရေးခိုင်း၍ ဒဏ်ပေး

ဧပြီ ၁၃

အိန္ဒိယနိုင်ငံ၌ Lockdown ချမှတ်ထားမှုကို ဖောက်ဖျက်သော ကမ္ဘာလှည့်ခရီးသည် ၁၀ ဦး အား နောင်တရစေရန်အလို့ငှာ တောင်းပန်စာ  အကြိမ် ၅၀၀ ရေးခိုင်းပြီး  ဒဏ်ပေးခဲ့ကြောင်းသိရသည်။

အိန္ဒိယတွင် မတ်လနှောင်းပိုင်းက နိုင်ငံအဝှမ်း အသွားအလာပိတ်ပင်တားဆီးမှုများလုပ်ဆောင်ခဲ့ပြီး စားသောက်ကုန်ဝယ်ခြင်းနှင့် ကျန်းမာရေးကိစ္စများမှအပ အပြင်ထွက်ခွင့်မပေးခဲ့ပေ။

အစ္စရေး၊ မက္ကဆီကို၊ သြစတြေးလျနှင့် သြစတြီးယားနိုင်ငံများမှ ကမ္ဘာလှည့်ခရီးသည်များသည်  အိန္ဒိယမြောက်ပိုင်းရှိ Rishikesh  မြို့တွင် လမ်းထွက်လျှောက်နေကြစဉ် တာဝန်ရှိသူများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ Rishikesh မြို့သည် ၁၉၆၈ ခုနှစ်က ကမ္ဘာကျော် Beatles  အဖွဲ့လာရောက်ပြီး ကမ္မဋ္ဌာန်းတရားကို လေ့လာခဲ့သည့်အတွက် ကမ္ဘာလှည့်ခရီးသည်များအကြား ရေပန်းစားသော မြို့တစ်မြို့ဖြစ်သည်။

ဒေသခံရဲအရာရှိ Vinod Sharma က စည်းကမ်းဖောက်ဖျက်သူများအား “ Lockdown စည်းကမ်းတွေကို ချိုးဖောက်ခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်” ဟူသော စာကြောင်းကို အကြိမ် ၅၀၀ ရေးခိုင်းပြီး ဒဏ်ပေးခဲ့ခြင်းဖြစ်သည်။

အမေရိကန်၊ ဩစတြေးလျ၊ မက္ကဆီကိုနှင့်အစ္စရေးမှ နိုင်ငံခြားသားများအပါအဝင် စည်းကမ်းချိုးဖောက်သည့် နိုင်ငံခြားသားဧည့်သည် ၇၀၀ ကျော်ခန့်ရှိခဲ့ကြောင်း ၊ သင်ခန်းစာပေးချင်သည့်အတွက် တမူထူးခြားသော ပြစ်ဒဏ်ကို ပေးရခြင်းဖြစ်ကြောင်း၊ ဒေသခံအဖော်လိုက်ပါမှသာ နိုင်ငံခြားသားများကို အပြင်ထွက်ခွင့်ပြုရန် ဟိုတယ်များကို ညွှန်ကြားထားကြောင်း ရဲအရာရှိ Sharma က ဆိုသည်။

တနင်္ဂနွေနေ့ကလည်း ပန်ဂျက်ပြည်နယ်မြောက်ပိုင်းတွင် စည်းကမ်းဖောက်ဖျက်သည့် နိုင်ငံခြားသားလူတစ်စုနှင့် ရဲများ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ဓားဖြင့် တိုက်ခိုက်ခံရမှုကြောင့် ရဲတစ်ဦး လက်တစ်ဖက် ဆုံးရှုံးခဲ့ပြီး အခြား ရဲအရာရှိ ၆ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

အိန္ဒိယတွင် လာမည့်အင်္ဂါနေ့၌ Lockdown ရက်ကာလ ပြည့်မည်ဖြစ်ကာ ဝန်ကြီးချုပ် နာရိန္ဒြရာမိုဒီက နောက်ထပ် ရက်သတ္တပတ် ၂ ပတ် ထပ်တိုးချမှတ်ရန် မျှော်လင့်ထားသည်။ အချို့သောပြည်နယ်များတွင် ကန့်သတ်ရက်များ ထပ်မံတိုးထားပြီးဖြစ်သည်။

အိန္ဒိယတွင် ယနေ့အချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၀၀၀ ကျော်နှင့် သေဆုံးသူ ၃၃၁ ဦး ရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly