အိန္ဒိယဘဏ်လုပ်ငန်းကုမ္ပဏီ HDFC ၏ ရှယ်ယာတွေကို တရုတ်ဗဟိုဘဏ်က ဝယ်ယူ

By Money Control
13 April 2020
အိန္ဒိယဘဏ်လုပ်ငန်းကုမ္ပဏီ HDFC ၏ ရှယ်ယာတွေကို တရုတ်ဗဟိုဘဏ်က ဝယ်ယူ

ဧပြီ ၁၃

အိန္ဒိယနိုင်ငံ၏ အကြီးဆုံးသော အိမ်ယာဖွံ့ဖြိုးမှုဆိုင်ရာ ဘဏ္ဍာရေးဝန်ဆောင်မှု ဘဏ်လုပ်ငန်းကုမ္ပဏီကြီးတစ်ခုဖြစ်သည့် HDFC Ltd ၏ ရှယ်ယာစုပေါင်း ၁ ဒသမ ၇၅ ကုဋေကို တရုတ်ဗဟိုဘဏ် (PBoC) က ဝယ်ယူခဲ့သည်ဟု သိရသည်။

အဆိုပါ ဝယ်ယူမှုကို ပြီးခဲ့သည့် မတ်လ သုံးလပတ်ကာလအတွင်းက လုပ်ဆောင်ခဲ့ဖွယ် ရှိသည်။

တရုတ်ဗဟိုဘဏ်သည် HDFC ၏ အစုရှယ်ယာပမာဏ၏ ၁ ဒသမ ၀၁ ရာခိုင်နှုန်း သို့မဟုတ် ရှယ်ယာပေါင်း ၁,၇၄,၉၂,၉၀၉ ကို ဝယ်ယူခဲ့ကြောင်း စတော့အိတ်စ်ချိန်း ဒေတာများအရ သိရသည်။ အဆိုပါ ရှယ်ယာဝယ်ယူမှုသည်  ဇန်နဝါရီနှင့် မတ်လအကြား ကာလတွင် ဖြစ်ပေါ်ထားခဲ့ဖွယ် ရှိသည်။

ပြီးခဲ့သည့်သီတင်းပတ်များအတွင်း HDFC ၏ ရှယ်ယာတန်ဖိုးများ ကျဆင်းသွားခဲ့ခြင်းအားဖြင့်လည်း အဆိုပါ ရှယ်ယာဝယ်ယူမှုကအချိန်ကိုက် ဖြစ်ပေါ်ခဲ့ကြောင်း သိသာပေါ်လွင်နေသည်။ ဖေဖော်ဝါရီ ပထမအပတ်နောက်ပိုင်း ရှယ်ယာတန်ဖိုးများသည် ၄၁ ရာခိုင်နှုန်း ကျဆင်းထားခဲ့သည်။

HDFC ၏ ရှယ်ယာတန်ဖိုးများသည် ၂၀၂၀ ဇန်နဝါရီ ၁၄ ရက်က ရူပီး ၂,၄၉၉ ဒသမ ၆၅ ဖြင့် ၅၂ ပတ်ကြာ အမြင့်ဆုံးရောက်ခဲ့ရာကနေ ၃၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အဆိုပါ တူညီသော ကာလအတော အတွင်း အိန္ဒိယ benchmark equity index စတော့စျေးကွက်အညွန်းကိန်း Sensex သည် ၂၅ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ပြီး တစ်ချိန်တည်းမှာပင် Nifty 50 အညွန်းကိန်းသည်လည်း ၂၆ ရာခိုင်နှုန်းကျဆင်း ခဲ့သည်။

HDFC ၏ ရှယ်ယာများသည် ဧပြီ ၁၀ ရက်တွင် ရူပီး ၁,၇၀၁ ဒသမ ၉၅ ဖြင့် ပိတ်သိမ်းခဲ့သည်။

လက်ရှိကာလအတွင်း HDFC အပေါ် အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြုှပ်နှံသူများဆီက သိသာထင်ရှားသည့် စိတ်ဝင်စားမှုများ ရှိနေခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ ဥပမာအားဖြင့် အိန္ဒိယ အသက်အာမခံကော် ပိုရေးရှင်း (LIC) က HDFC တွင် ယင်း၏ ရှယ်ယာပါဝင်ထားမှုကို ဒီဇင်ဘာက ၄ ဒသမ ၂၁ ရာခိုင်နှုန်းရှိခဲ့ရာနေ ၄ ဒသမ ၆၇ ရာခိုင်နှုန်းကို တိုးမြှင့်ခဲ့သည်။

PBoC သည် ရှိရင်းစွဲ ရှယ်ယာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၉ မတ်လအထိ ကုမ္ပဏီတွင် ရှယ်ယာ ၀ ဒသမ ၈ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြောင်း HDFC ၏ ဒုဥက္ကဋ္ဌနှင့် စီအီးအို Keki Mistry က Moneycontrol ကို ပြောခဲ့သည်။

“သူတို့ဟာ တစ်နှစ်အတွင်း ရှယ်ယာတွေကို ဝယ်ယူစုဆောင်းထားခဲ့ပါတယ်၊ ခုတော့ သူတို့ဟာ ၁ ဒသမ ၁ ရာခိုင်နှုန်းကို ထိန်းသိမ်းထားပါပြီ” ဟု Mistry က ပြောသွားသည်။

တရုတ်တို့သည် အဓိက စီးပွားရေးနိုင်ငံများတွင် စတော့စျေးကွက် ပြိုလဲမှု ဖြစ်စဉ်ကာလအတွင်း အာရှဒေသတွင်းရှိ အဓိက ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ အစုရှယ်ယာများကို ဝယ်ယူမှုများ လုပ်ဆောင် ထားခဲ့သည်။ ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်တို့သည် ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်အပါအဝင် အာရှနိုင်ငံများတွင် ယင်း၏ ရင်းနှီးမြုှပ်နှံမှုများကို သိသိသာသာ မြှင့်တင်ထားခဲ့သည်။ အထူးသဖြင့် အခြေခံအဆောက်အအုံ ပရောဂျက်များနှင့် နည်းပညာကုမ္ပဏီများတွင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly