လက်ရှိမှာ ဒေါ့တ်မွန်အသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ တောင်ပံကစားသမား ဟာကီမီအကြောင်းကို ပရိသတ်တွေတော်တော်များများ သိထားပြီးဖြစ်ကြမှာပါ။ ညာနောက်ခံ၊ ဘယ်နောက်ခံနေရာတွေအပြင် တောင်ပံတိုက်စစ်ကစားသမားအဖြစ်ပါ ကစားနိုင်တဲ့ အသက် ၂၁ နှစ်အရွယ် ကစားသမားလေးဟာ ရီးယဲလ်ရဲ့ ငယ်မွေးခြံပေါက်ကစားသမားလေးဖြစ်ပြီး ၂၀၁၈ ဘောလုံးရာသီအစမှာပဲ ဒေါ့တ်မွန်အသင်းဆီ အငှားချထားခဲ့တာပါ။
ရီးယဲလ်အသင်းအတွက် ၉ ပွဲသာ ကစားပေးခဲ့ရပေမယ့် ဒေါ့တ်မွန်အသင်းမှာတော့ ၄၆ ပွဲအထိ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ၅ ဂိုးသွင်းပေးနိုင်ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ကစားသမားလေးဟာ အနာဂတ်ရဲ့ ထွန်းတောက်လာမယ့် ကြယ်ပွင့်တစ်ပွင့်အဖြစ် နာမည်ကြီးပါတယ်။
စပိန်မှာတော့ ဟာကီမီကို ရီးယဲလ်အသင်းကစားသမားတစ်ယောက်ဆိုတာထက်၊ နာမည်ကျော် မင်းသမီးတစ်ယောက်ရဲ့ ချစ်သူအဖြစ် ပိုပြီး လူသိများပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ မင်းသမီးက ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး မင်းသမီးအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပြီး ဟာကီမီထက် အသက် ၁၂ နှစ်ကြီးတဲ့သူပါ။
ဟီဘာ အဘောက်ဆိုတဲ့ စပိန်သရုပ်ဆောင် မင်းသမီးဟာ အသက် ၃၃ နှစ်အရွယ် ရှိပြီဖြစ်ပြီး ဟာကီမီနဲ့အတူနေချစ်သူအဖြစ် နေထိုင်ကြတာပါ။ သူတို့စုံတွဲမှာ အာမင် ဟာကီမီဆိုတဲ့ သမီးလေးတစ်ယောက်တောင် ရနေပြီဖြစ်ပြီး သူတို့နှစ်ယောက် စပြီး တွဲကာစတုန်းကတော့ ဟီဘာဟာ သူ့ထက် အသက် ၁၂ နှစ်ငယ်တဲ့ ကောင်လေးတစ်ယောက်ကို ဘယ်လိုများရအောင် တွဲလိုက်သလဲဆိုပြီး သတင်းတွေ ထွက်လာခဲ့ပါသေးတယ်။
စပိန်နိုင်ငံရဲ့ နာမည်ကျော် TV အစီအစဉ်တွေမှာ ပါဝင်ရသူတစ်ယောက်ဖြစ်ပြီး ရုပ်ရှင်မင်းသမီးတစ်ယောက်လည်းဖြစ်တဲ့ ဟီဘာဟာ စပိန်နိုင်ငံတွင်းမှာတော့ အချောဆုံး သရုပ်ဆောင်တစ်ယောက်အဖြစ် မှတ်ချက်ပေးခံရသူဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ကမ္ဘာ့အချောဆုံးသရုပ်ဆောင် (၅)ဦး စာရင်းထဲမှာ ပါဝင်ခဲ့တဲ့သူပါ။
မက်ဒရစ်မြို့မှာ မွေးဖွားလာခဲ့တဲ့ ဟီဘာက မွေးချင်း ၄ ယောက်ထဲမှာ အငယ်ဆုံးဖြစ်ပြီး စပိန်၊ အာရေဗစ်၊ ပြင်သစ်၊ အင်္ဂလိပ်နဲ့ အီတလီ စကား (၅)မျိုးအထိ ပြောနိုင်သူပါ။
သူတို့နှစ်ယောက်က ၂၀၁၈ ခုနှစ်ကတည်းက စတင် တွဲခုတ်ခဲ့ကြတာဖြစ်ပြီး အဲဒီအချိန်တုန်းက ဟာကီမီဟာ ဒေါ့တ်မွန်အသင်းဆီ အငှားသွားကစားဖို့ ပြင်ဆင်နေရချိန်ပါ။ အသက် ၁၉ နှစ်အရွယ် ကစားသမားလေးနဲ့ စပိန်မင်းသမီးတို့ရဲ့ ဇာတ်လမ်းမှာ စပိန်သတင်းစာတွေပေါ်မှာ တော်တော်လေး နာမည်ကြီးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၉ အောက်တိုဘာမှာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို ရယူနိုင်ခဲ့ကြတာပါ။