၀တ်ပြုဆုတောင်းရာတွင် ပါဝင်သူ ၁၃ ဦးကို အင်းစိန်ဆေးရုံတွင် စောင့်ကြည့်

၀တ်ပြုဆုတောင်းရာတွင် ပါဝင်သူ ၁၃ ဦးကို အင်းစိန်ဆေးရုံတွင် စောင့်ကြည့်

ရန်ကုန်၊ ဧပြီ ၁၂

ခရစ်ယာန်ဘာသာရေးဆုတောင်းပွဲတစ်ခုတွင် ဓာတ်ခွဲအတည်ပြုလူနာများနှင့်ထိတွေ့မိခဲ့သူ လူ ၁၃ ဦးကို အင်းစိန်ဆေးရုံတွင်စောင့်ကြည့်နေကြောင်း အင်းစိန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က မဇ္ဈိမသို့အတည်ပြုပြောသည်။

“ဆရာစောဒေးဗစ်တို့နဲ့ ဆုတောင်းပွဲလုပ်ရင်းနဲ့ ဖြစ်တဲ့သူတွေလို့ အကြမ်းဖျင်းနားလည်ထားတာလေ။ လေး ယောက်ကတော့ အတည်ပြုလူနာဖြစ်သွားပြီ။ ကျန်တဲ့ ၁၃ ယောက်ကတော့ အင်းစိန်ဆေးရုံမှာ သူတို့နဲ့ထိတွေ့ခဲ့တဲ့သူတွေပေါ့နော်။ စမ်းသပ်စစ်ဆေးမှုတွေလုပ်နေတာဒါပါပဲ” ဟု ၎င်းကဆိုသည်။ ဆုတောင်းပွဲကို မတ်လနှောင်းပိုင်းက ပြုလုပ်ခဲ့သည်ဟု ယုံကြည်ရသည်။

ယနေ့နံနက် ၂ နာရီကျော်က ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဓာတ်ခွဲအတည်ပြုလူနာ (Case-034) ၊ (Case-035) ၊ (Case-036) နှင့် (Case-037) တို့သည် နိုင်ငံခြားသားများ ပါဝင်သော ဘာသာရေးအခမ်းအနားသို့ အတူတက်ရောက်ခဲ့သည့် ရာဇဝင်ရှိ ကြောင်း ပါရှိသည်။

သူတို့၏ နေအိမ်များကိုလည်း ဧပြီ ၁၂ ရက်နံနက်ပိုင်းတွင် အဝင်/ အထွက်ပိတ်ပင်ထားပြီး ထိတွေ့မိခဲ့သူများ၏ နေအိမ်များကိုလည်း စောင့်ကြည့်ပြင်ဆင်နေကြောင်းသိရသည်။

ဧပြီ ၁၂ ရက်နေ့ ညနေပိုင်းအထိ မြန်မာနိုင်ငံအတွင်း COVID-19 အတည်ပြုလူနာ ၃၈ ဦးအထိရှိနေပြီး သေဆုံးသူ ၃ ဦးရှိနေသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly