တရက်တည်း COVID-19 လူနာသစ် ခုနှစ်ဦးတွေ့ရှိ

ဧပြီ ၁၂၊

COVID-19 လူနာအသစ် ခုနှစ်ဦးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တနင်္ဂနွေနံနက်လင်းအာရုဏ်မတက်မီတွင် ကြေညာလိုက်ရာ တစ်ကြိမ်တည်းတွင် အများဆုံးပါဝင်မှုဖြစ်လာပြီး စုစုပေါင်းလူနာ ၃၈ ဦးရှိသွားပြီဖြစ်သည်။

အသစ်တွေ့ရှိသော လူနာအားလုံးသည် ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး အမျိုးသား ငါးဦးနှင့် အမျိုးသမီး နှစ်ဦးပါဝင်သည်။ သူတို့အထဲမှ တစ်ဦးသာလျှင် နိုင်ငံခြားပြန်ဖြစ်သည်။

လှည်းကူးမြို့နေသူ အသက် ၃၈ နှစ်အရွယ် အမျိုးသားလူနာသည် လွန်ခဲ့သည့် သုံးလက တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ခဲ့ဖူးသည်။ နိုင်ငံရပ်ခြားမှ ပြန်လာသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူများတွင် တရုတ်နိုင်ငံမှ ပြန်လာသူအဖြစ် ပထမဆုံး စာရင်းဝင်ခြင်းဖြစ်သည်။

အင်းစိန်မြို့နယ်မှ အမျိုးသားလူနာလေးဦးမှာ နိုင်ငံခြားသားများပါဝင်သော ဘာသာရေးအခမ်းအနားသို့ အတူတက်ရောက်ခဲ့ဖူးသူများဖြစ်ကြသည်။

အမျိုးသမီးနှစ်ဦးအနက် တစ်ဦးမှာ ရွှေပြည်သာမြို့နေသူဖြစ်ပြီး နောက်တစ်ဦးကတော့ အင်းစိန်မြို့နေသူဖြစ်သည်။

ယနေ့ကြေညာသော လူနာများအနက် အသက်အငယ်ဆုံးသည် ၂၀ နှစ်ဖြစ်ပြီး အသက်အကြီးဆုံးလူနာမှာ ၇၈ နှစ်ဖြစ်သည်။

" လူနာ ခုနှစ်ဦး ၏ ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိပြီး ၎င်းတို့အား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းပေးပို့၍ ဆေးကုသမှုပေးသွားမည်" ဟု နံနက် ၂ နာရီကျော်က ထုတ်ပြန်သော ကျန်းမာရေး၏ ကြေညာချက်တွင် ပါရှိသည်။

ယမန်နေ့ညနှောင်းပိုင်းကလည်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ သုံးဦးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးက ထုတ်ပြန်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly