Introverts သမားများအတွက် quarantine နေထိုင်ခြင်းက လွတ်မြောက်မှုတစ်ခု ဖြစ်စေနိုင်

Introverts သမားများအတွက် quarantine နေထိုင်ခြင်းက လွတ်မြောက်မှုတစ်ခု ဖြစ်စေနိုင်

ဧပြီ ၁၁
 
ကပ်ရောဂါတစ်ခု ဖြစ်ပွားစဉ်ကာလအတွင်း quarantine (သီးခြား နေထိုင်မှု) က စိတ်ဒုက္ခရောက်ရသော အတွေ့အကြုံတစ်ခု ဖြစ်နိုင်သည်မှာ သိသာထင်ရှားလှသည်။ သို့သော် ခက်ခဲကြမ်းတမ်းသည့် အချိန်ကာလအားလုံး ကဲ့သို့ပင် ယင်းသည် လူအားလုံးအတွက် တူညီစွာ ထိခိုက်ခံစားစေမည်တော့ မဟုတ်ပေ။ ဖြစ်နိုင်သည်က ယင်း quarantine နေထိုင်မှုက လူတချို့အတွက် လွတ်မြောက်မှုတစ်ခုပင် ဖြစ်ကောင်းဖြစ်စေနိုင်မည်ဖြစ်သည်။ ယင်းတို့ထဲတွင် introverts (တသီးတသန့်နေတတ်ပြီး အတွင်းခံစားချက်အပေါ်သာ အာရုံစိုက်ဖော်ပြလေ့ရှိသော စရိုက်ရှိသူ) များ ပါဝင်မည်ဖြစ်သည်။

ကပ်ရောဂါများနှင့် သီးခြားခွဲ နေထိုင်မှုများ မရှိပါက မျက်မှောက်ခေတ်ကမ္ဘာကြီး၏ ပုံမှန်အချိန်ကာလများကို extroverts (ဘွင်းဘွင်းပျော်ပျော် စရိုက်ရှိသူ) သမားများ ပိုင်ဆိုင်သည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ ပျာပန်းခတ်မျှ သွားလာလှုပ်ရှားနေသည့် စီးပွားရေးလောကတစ်ခုတွင် ရွှင်ရွှင်ပျပျ နေတတ်သော အရောင်းသမားတစ်ဦးသည် တစ်ကိုယ်တည်းနေတတ်သည့် သုတေသီတစ်ဦးထက် ပိုမို သာလွန်စွာ လုပ်ဆောင်နေသည်ကို မြင်ရမည် ဖြစ်သည်။ လူအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှုကို အားပေးသော ကျွနု်ပ်တို့၏ ရုံးဌာနများတွင်လည်း ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ လှုပ်ရှားနေတတ်သူတစ်ဦးက ကီးဘုတ်ကိုပဲ ရိုက်နေပြီး စကားနည်း သူတစ်ဦးထက် ပို သာသော အဖွဲ့သားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရမည်ဖြစ်သည်။

သို့သော် introverts များသည် ပြီးခဲ့သည့်နှစ်များတွင် အဆိုပါ ဇာတ်ကြောင်းကို ပြောင်းလဲမည့် ကမ်ပိန်းတစ်ခုကို စတင်ခဲ့ကြသည်။ Extroverts များထံမှ စွမ်းအားကို မသိမ်းယူဘဲ ၎င်းတို့တွင်လည်း ကမ်းလှမ်းပေးနိုင်သည့် တန်ဖိုးရှိသည့်အရာတစ်ခုခု ရှိနေသည်ကို ရိုးရိုးရှင်းရှင်းလက်သင့်ခံစေရန် ဖြစ်သည်။

ဘာသိဘာသာ နေတတ်ခြင်းနှင့် ဘွင်းဘွင်းပျော်ပျော် နေတတ်ခြင်း တို့၏ အဓိပ္ပါယ်နှင့်ပတ်သက်၍လည်း ရှုပ်ထွေးမှု အတော်များများ ရှိနေသည်။ အဆိုပါ ပင်ဂိုစရိုက်လက္ခဏာ အမျိုးအစားများ၏ အဓိပ္ပါယ်များသည် ရှက်ကြောက်ခြင်း သို့မဟုတ် ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းနှင့် သက်ဆိုင်ခြင်း မရှိပေ။

Extroverts များသည် စွမ်းအင် ရရှိရန် တခြားသူများကို လိုအပ်သလို အာလာပသလ္လာပ စကားစမြည်ပြောဆိုမှုကိုလည်း လိုအပ်သည်။ Extroverts  များသည် တစ်ဦးတည်း ရှိနေသည့်အချိန်မျိုးတွင် စိတ်ဓာတ်သိမ်ငယ်သလို သို့မဟုတ် အထီးကျန်နေသလို ခံစားလာရမည်ဖြစ်သည်။

Introverts များကမူ ၎င်းတို့နှင့်မတူဘဲ ဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်းတို့သည် အနီးအနားတွင် ထွေရာလေးပါး အလျင်းသင့်သလို ပြောဆိုသံများကြောင့် စိတ်ခွန်အား ကုန်ခန်းသွားနိုင်သည်။ ၎င်းတို့၏ ဘထ္ထရီ ပြန်လည် အားဖြည့်ရန် introverts များသည် တစ်ဦးတည်း ရှိနေရန် သို့မဟုတ် အတွင်းကျကျ ရင်းနှီးသူ တစ်ချို့နှင့်အတူ ရှိနေရန် လိုသည်။ ၎င်းတို့သည် တွေးတောခြင်း၊ စာဖတ်ခြင်းနှင့် တစ်ခုခုကို နက်နက်နဲနဲ ဆွေးနွေးခြင်းတို့ကို နှစ်သက်သည်။ နက်နက်နဲနဲ တွေးခေါ်ချိန်တွင် ကောင်းသောအရာများကို မြင်ရနိုင်သည်။

ယနေ့အချိန်တွင် quarantine ၏ အနှစ်သာရက အဘယ်နည်း။ “Social distancing” သီးခြားခွဲနေထိုင်မှုပင် ဖြစ်သည်။ Extrovert တစ်ဦးအတွက် ယင်းက ရှေ့နောက်မညီညွတ်သည့် စကားလုံးဖြစ်ချင်ဖြစ်နိုင်သည်။ Introvert သမားများအတွက်မူ ယင်းက ပြီးပြည့်စုံသည် အခြေအနေဖြစ်သည်။ ယင်းက ထွေရာလေးပါး ပြောဆိုမှုများကို ရပ်စဲလုနီးပါး ဖြစ်ပြီး စိတ်အာရုံစူးစိုက်နိုင်မည့် ရှားပါးအခွင့်အရေးတစ်ခုဖြစ်သည်။

ယင်းအတွက်ကြောင့် quarantine အောက်တွင်ရှိနေသော Introverts များသည် extroverts သမားများနှင့်ယှဉ်ပါက စိတ်ဓာတ်ကျနိုင်ခြေ၊ အထီးကျန်နိုင်ခြေ၊ ငြီးငွေ့နိုင်ခြေ ပိုမိုနည်းပါးပြီး စွမ်းအင်ဖြစ်ထွန်းနိုင်ဖွယ် ပိုများသည်။

အကြီးကျယ်ဆုံး အင်္ဂလန် ကဗျာဆရာတစ်ဦးဖြစ်တဲ့ John Keats ကို ကြည့်ပါ။ Introvert တစ်ဦးဖြစ်သည့် John Keats သည် ၁၈၂၀ ခုနှစ် ၎င်း အသက် ၂၄ နှစ်အရွယ်က  တီဘီဝေဒနာစွဲကပ်ကာ ဖျားနာခဲ့သည်။ ယင်းအချိန်က အီတလီနိုင်ငံ Naples သို့ ခရီးထွက်ခဲ့စဉ် တိုက်ဖွိုက်ရောဂါဖြစ်ပွားမှု ပေါ်ပေါက်ခဲ့သည်။ ယင်းအတွက် Keats သည် ကမ်းလွန် လှေတစ်စင်းပေါ်တွင် ဆယ်ရက်ကြာ quarantine ခံယူခဲ့ရသည်။ ၎င်းသည် ယင်းအချိန်တွင် ကလေးဘ၀ အတွေ့အကြုံများနှင့်ပတ်သက်သည့် စာများ၊ မှတ်တမ်းများ ရေးသားရင်း အချိန်ဖြုန်းခဲ့သည်။

တခြားသော introvert တစ်ဦးဖြစ်သည့် Isaac Newton ကို ကြည့်ပါ။ ၎င်းသည်လည်း ၁၆၆၅-၆၆ ခုနှစ် ကမ်းဘရစ်တက္ကသိုလ်တွင် တက်စဉ်ကာလအတွင်း ပလိပ်ကပ်ရောဂါ ပေါ်ပေါက်ခဲ့သည်။ ယနေ့ခေတ် ကျောင်းများ၊ တက္ကသိုလ်များလိုပင် ထိုစဉ်က ကမ်းဘရစ်တက္ကသိုလ်သည်လည်း ပိတ်ခဲ့ပြီး ကျောင်းသားများကို အိမ်ပြန်စေခဲ့သည်။ Newton လည်း ကျေးလက် Lincolnshire ရှိ မိသားစုအိမ်တွင် နေခဲ့ရသည်။ ယင်းနောက် ငယ်ရွယ်သေးသည့် Newton သည် အဆုံးမရှိသည့် နာရီအချိန်ကာလများကို တစ်ဦးတည်းနေရင်း ဖြတ်သန်းခဲ့သည်။ ယင်းနောက် သစ်ပင်တစ်ပင်ပေါ်မှ ပန်းသီးတစ်လုံး ကြွေကျသည်ကို မြင်ခဲ့ပြီးနောက် ယင်းသည် လက ကမ္ဘာကို ပတ်နေသလို တူညီသည့် အားကို တုန့်ပြန်ခြင်းဖြစ်ကြောင်း သဘောပေါက်ကာ ကမ္ဘာမြေထုဆွဲငင်အား သီအိုရီကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့သည်။

ယခုကဲ့သို့ ပြောရခြင်းမှာ မိမိအနေဖြင့် လက်ရှိ COVID-19 ကာလအတွင်း ရူပဗေဒ သို့မဟုတ် သင်္ချာ ဆိုင်ရာ ဘာသာရပ်အခွဲသစ်များ ရှာဖွေတွေ့ရှိရန် စီစဉ်နေခြင်းမဟုတ်ပါ။ တသီးတသန့် ဘာသိဘာသာနေခြင်းသည် genius (ပါရမီရှင်) တစ်ဦးဖြစ်ခြင်းဟု ဆိုလိုခြင်းမဟုတ်ပါ။ မည်သို့ပင်ဖြစ်စေကာမူ လက်ရှိ ကမ္ဘာတဝန်း လော့ခ်ဒေါင်းကာလတွင်း လက်ရှိအချိန်တွင် နေရာအနှံ့အပြားတွင် သံစုံစပ် တေးသွားတစ်ပုဒ်ကို ရေးစပ်ရန်၊ အယ်လ်ဂိုရီသမ် တစ်ခုကို အကြံထုတ်ရန်၊ ပတ္တူစတစ်ခုတွင် ပန်းချီဆွဲရန် သို့မဟုတ် စာအုပ်တစ်အုပ်ရေးရန်အတွက် မမှိတ်မသုန် အာရုံစူးစိုက်မှု၊ တီထွင်ဖန်တီးမှု၊ ထုတ်လုပ်မှု ကို အသုံးချကျင့်သုံးနေသည့် introvert တစ်ဦး ရှိနေသည်ဟု သံသယရှိနေမိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly