အမေဇုန်သစ်တောရှိ ယာနိုမာမီမျိုးနွယ်စုအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်

အမေဇုန်သစ်တောရှိ ယာနိုမာမီမျိုးနွယ်စုအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်

ဧပြီ ၁၀

အမေဇုန်သစ်တောတွင်နေထိုင်သော ယာနိုမာမီမျိုးနွယ်စု၌ ပထမဆုံးအဖြစ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ဘရာဇီးအာဏာပိုင်များက ဧပြီ ၈ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်ခံရသူသည် အသက် ၁၅ နှစ်အရွယ် ယောက်ျားလေးဖြစ်ပြီး Roraima ပြည်နယ်  Boa Vista မြို့ ဆေးရုံတစ်ရုံရှိ အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူနေကြောင်း တာဝန်ရှိသူများကပြောသည်။

"ယာနိုမာမီမျိုးနွယ်စုမှာ ဗိုင်းရပ်စ်ကူးစက်ခံရတာကို ဒီကနေ့မှာအတည်ပြုခဲ့တာပါ၊၊ ဒါ တော်တော်လေး စိုးရိမ်စရာကောင်းပါတယ်၊ အထူးသဖြင့် ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် သိပ်မရှိတဲ့ တိုင်းရင်းသားတွေအတွက်ပါ သတိ ထားရမယ် ” ဟု ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး Luiz Henrique Mandetta က ဗုဒ္ဓဟူးနေ့က ပြောခဲ့သည်။

Globo သတင်းစာအရ ဘရာဇီးနိုင်ငံတွင် ဒေသခံတိုင်းရင်းသားများအကြား အနည်းဆုံး ခုနစ်ဦးခန့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အာဏာပိုင်များက အတည်ပြုထားသည်။

လွန်ခဲ့သော တစ်ပတ်ခန့်က ကိုကာမာမျိုးနွယ်ဝင် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦး၌ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းကို စတင်တွေ့ရှိခဲ့ကြသည်။

ဘရာဇီးနိုင်ငံတွင် မျိုးနွယ်စုပေါင်း ၃၀၀ ကျော်ခန့်ရှိပြီး ခန့်မှန်းခြေအားဖြင့် ဌာနေတိုင်းရင်းသား ၈၀၀ ၀၀၀ ခန့် နေထိုင်ကြသည်။

ယာနိုမာမီမျိုးနွယ်စုများသည် လူဦးရေ  ၂၇ ၀၀၀ ခန့်ရှိပြီး မျက်နှာများပေါ်တွင် ဆေးများခြယ်ခြင်းနှင့် အသားကို ဖောက်ထွင်းကာ တန်ဆာဆင်ခြင်းတို့ကြောင့် လူသိများသည်။

ထိုလူမျိုးစုများသည် ၂၀ ရာစုအလယ်ပိုင်းအထိ ပြင်ပကမ္ဘာနှင့် သီးခြားစွာနေထိုင်ခဲ့ကြပြီး  ၁၉၇၀  ပြည့်နှစ်လွန်များက ဖြစ်ခဲ့သော ဝက်သက်နှင့်ငှက်ဖျားရောဂါကဲ့သို့သော ရောဂါဒဏ်ကိုလည်း အကြီးအကျယ်ခံစားခဲ့ကြရ သည်။

အမေဇုန်သစ်တောရှိ ဒေသခံတိုင်းရင်းသားများသည် သမိုင်းကြောင်းအရ ကမ္ဘာအနှံ့အပြားတွင် ခုခံအားစနစ်ကို ဖြစ်ပေါ်စေခဲ့ပြီးဖြစ်သည့် ပိုးမွှားများနှင့် မထိတွေ့ခဲ့ရသောကြောင့် အထူးသဖြင့် ပြင်ပမှဝင်ရောက်လာသော ရောဂါများကို ခံနိုင်ရည်မရှိကြချေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required