ဗီယက်နမ်ငါးဖမ်းလှေအား တရုတ်တို့တိုက်ခိုက်မှုအပေါ် ဖိလစ်ပိုင်က ဗီယက်နမ်ဘက်မှရပ်တည်

ဗီယက်နမ်ငါးဖမ်းလှေအား တရုတ်တို့တိုက်ခိုက်မှုအပေါ် ဖိလစ်ပိုင်က ဗီယက်နမ်ဘက်မှရပ်တည်

ဧပြီ ၁၀

အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်အတွင်း၌ ဗီယက်နမ်ငါးဖမ်းလှေတစ်စီးကို တရုတ်ကမ်းခြေစောင့်တပ်က တိုက်ခိုက်မှုအပေါ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗီယက်နမ်ဘက်က ရပ်တည်ကြောင်း ပြောဆို လိုက်သည်။

ဧပြီ ၃ ရက်က ငါးဖမ်းသမား ၈ ဦးလိုက်ပါခဲ့သည့် ဗီယက်နမ်ငါးဖမ်းလှေတစ်စီး ပါရာဆယ်ကျွန်းများအလွန်၌ နစ်မြုပ်ခဲ့မှုကို တရုတ်တို့က အဆိုပါငါးဖမ်းလှေသည် ၎င်းတို့ရေပိုင်နက်ထဲဝင်လာခဲ့ပြီး ကမ်းခြေစောင့်သင်္ဘောကို တိုက်မိခဲ့ခြင်းဖြစ်ကာ ငါးဖမ်းသမားများကိုလည်း ၎င်းတို့ကယ်ဆယ်လိုက်ရကြောင်း ချေပပြောဆိုခဲ့သည်။

တစ်ကမ္ဘာလုံး COVID-19 ကိုရင်ဆိုင်နေရပြီး စည်းလုံးမှုနှင့်အပြန်အလှန်ယုံကြည်မှုလိုအပ်နေသည့် အချိန်တွင် ငါး သို့မဟုတ် စိတ်ကူးယာဉ်ဆန်သည့်နယ်မြေလုခြင်း စသည့်ပြဿနာများဖြင့် ပဋိပက္ခဖြစ်ရသည်မှာမတန် ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ပါရှိသည်။

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်တစ်ခုလုံးကို ၎င်းတို့ပိုင်နက်ဟု ပြောဆိုထားပြီး စစ်လက်နက်တပ်ဆင်ထားသော ကျွန်းများစွာကိုလည်း တည်ဆောက်ထားသည်။

 ပြီးခဲ့သည့်နှစ် ဇွန်လ ၉ ရက်က ရိဒ်ကမ်းခြေတွင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ဖိလစ်ပိုင်ငါးဖမ်းလှေတစ်စီးကိုတိုက်ခိုက်ခဲ့ပြီး ရေမျောနေသော ငါးဖမ်းသမား ၂၂ ဦးကို  ဗီယက်နမ်ငါးဖမ်းသင်္ဘောတစ်စီးက ကယ်တင် ခဲ့ရသည်။

ကျွန်းအငြင်းပွားဖွယ်ကိစ္စများကြောင့် ဖိလစ်ပိုင်နှင့်ဗီယက်နမ်အကြား ယုံကြည်မှုများပျောက်ဆုံးခဲ့ပြီး ဗီယက်နမ်က လူသားချင်းစာနာစွာ ဖိလစ်ပိုင်ငါးဖမ်းသမားများကို ကယ်ဆယ်ခဲ့သည့်အတွက် ယုံကြည်မှု ပြန်လည်တည် ဆောက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အမေရိကန်တို့ကလည်း ဗီယက်နမ်ငါးဖမ်းလှေနစ်မြုပ်ခဲ့မှုအပေါ်  ဝမ်းနည်းကြောင်းပြောဆိုခဲ့ပြီး တရုတ်နိုင်ငံအား လက်ရှိကပ်ရောဂါတိုက်ဖျက်ရေးကိုအာရုံစိုက်ရန်နှင့် တောင်တရုတ်ပင်လယ်အတွင်း ဥပဒေနှင့်မညီသော တောင်းဆိုချက်များဖြင့် တခြားနိုင်ငံများအား အနိုင်ကျင့်ခြင်းကို ရပ်တန့်ရန် ပြောဆိုခဲ့သည်။

ယခုလုပ်ရပ်သည် တရုတ်နှင့် အာဆီယံ ၁၀ နိုင်ငံအကြား ယုံကြည်ရသည့်ဆက်ဆံရေးကို လျော့ပါးစေနိုင်သည်ဟု ဖိလစ်ပိုင်က သတိပေးပြောဆိုခဲ့သည်။

တရုတ်သည် ၁၉၇၄ ခုနှစ်က ဗီယက်နမ်ထံမှ ကျွန်းများကိုသိမ်းပိုက်ခဲ့ပြီး မကြာခဏဆိုသလို ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly