ဧပြီ ၁၀
ချီကာဂိုမြို့ ကွတ်ကောင်တီက အကျဉ်းထောင်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုတွေဖြစ်နေတဲ့အတွက် အကျဉ်းသား ၄၅၀၀ ခန့်က သူတို့ကို အကျဉ်းထောင်က လွှတ်ပေးဖို့ ဒါမှမဟုတ် ရွှေ့ပြောင်းပေးဖို့တောင်းဆိုခဲ့တဲ့အပေါ် ချီကာဂိုတရားသူကြီးက ကြာသပတေးနေ့က ငြင်းဆိုလိုက်ပါတယ်။
အကျဉ်းသားတွေဟာ အကျဉ်းထောင်ရဲ့မှန်ပြတင်းပေါက်မှာ အကူအညီတောင်းစာတွေရေးသားပြီး ဆန္ဒပြခဲ့ကြပါတယ်။
ချီကာဂိုရှိ ကွတ်ကောင်တီအကျဉ်းထောင်က အကျဉ်းသား ၂၇၆ ယောက်နဲ့ ကွတ်ကောင်တီရဲအရာရှိရုံးကဝန်ထမ်း ၁၇၂ ယောက်တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတာပါ။ အကျဉ်းသားအများစုကို ရောဂါရှိ/မရှိ မစမ်းသပ်ရသေးတဲ့အတွက် ဒီအရေအတွက်ဟာ မပြောပလောက်ဘူးလို့ အကျဉ်းထောင်က ဆိုပါတယ်။
အဲဒီအကျဉ်းထောင်မှာ အခုအချိန်ထိ COVID-19 ကြောင့် ထောင်သားတစ်ဦးလည်း သေဆုံးထားပါတယ်။ ဥပဒေပညာရှင်တွေကတော့ ထောင်သားတွေကို အစုလိုက်ပြောင်းရွှေ့ပေးဖို့ ဖယ်ဒရယ်တရားရုံးကို အသနားခံစာတင်ခဲ့ကြပါတယ်။
ဒါပေမယ့် ကြာသပတေးနေ့ကထုတ်ပြန်ခဲ့တဲ့ စာမျက်နှာ ၃၇ မျက်နှာပါ စီရင်ချက်မှာတော့ ခရိုင်တရားသူကြီး မက်သရူးကန်နယ်လီ က ထောင်သားတွေကို ဘေးကင်းစေမယ့် မူဝါဒအသစ်တွေချမှတ်အကောင်အထည်ဖော်ဖို့ ကွတ်ကောင်တီရဲအရာရှိ Tom Dart ကို ညွှန်ကြားခဲ့ပြီး အုပ်စုလိုက်ပြောင်းရွှေ့ပေးဖို့အဆိုကို ပယ်ချခဲ့ပါတယ်။
ကွတ်ကောင်တီမှာ ရောဂါကူးစက်မှုနှုန်းက လူတစ်ထောင်လျှင် ၁.၅၆ ဦးရှိပြီး တနင်္လာနေ့ထိစာရင်းအရ အကျဉ်းထောင်မှာ လူတစ်ထောင်လျှင် ၅၀ ဦးနှုန်းနဲ့ ကူးစက်ခံနေရတယ်လို့ စီရင်ချက်မှာ တရားသူကြီးက ရေးသားထားပါတယ်။
ရဲအရာရှိ Dart က သူတို့အနေနဲ့ အကြမ်းဖက်မှုမဟုတ်တဲ့ ရာဇဝတ်မှုနဲ့စွဲချက်တင်ခံထားရတဲ့ အကျဉ်းသား ရာပေါင်းများစွာကိုလည်းလွှတ်ပေးခဲ့ပြီး အကျဉ်းသားတွေနဲ့ဝန်ထမ်းတွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ကွတ်တီအကျဉ်းထောင်က အကျဉ်းသား ၇၀ ရာခိုင်နှုန်းလောက်က အကြမ်းဖက်တဲ့ ရာဇဝတ်မှုကျူးလွန်ခဲ့သူ သို့မဟုတ် အဲဒီအမှုနဲ့ စွဲချက်တင်ခံထားရသူတွေဖြစ်ပါတယ်။