ဆော်ဒီတော်ဝင်မိသားစုဝင် ၁၅၀ ဦးခန့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရဟု သတင်းထွက်

ဆော်ဒီတော်ဝင်မိသားစုဝင် ၁၅၀ ဦးခန့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရဟု သတင်းထွက်

ဧပြီ ၁၀

ဆော်ဒီအာရေးဗျ တော်ဝင်မိသားစုဝင် ၁၅၀ ဦးခန့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရနိုင်ကြောင်း ထွက်ပေါ်လာသည့် သတင်းတစ်ရပ်အရ သိရသည်။

ယီမင်နိုင်ငံတွင် အပစ်ရပ်စဲရေး ကြေညာခဲ့သည့် ဆော်ဒီအာရေးဗျတို့၏ ဆုံးဖြတ်ချက် နောက်ကွယ်တွင် ယခု ဗိုင်းရပ်စ်ကူးစက်မှုများက အဓိကကျသည့် အကြောင်းရင်းအဖြစ်ရှိနေသည်ဟုလည်း ပြောဆိုမှုများ ရှိနေသည်။

ဆော်ဒီအာရေးဗျသည် ယီမင်နိုင်ငံတွင် အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်များကို တိုက်ခိုက်နေခဲ့ခြင်း ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း အပစ်ရပ်စဲကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

New York Times သတင်းစာ၏ ဖော်ပြချက်အရ ဆော်ဒီ တော်ဝင် မိသားစုဝင် အယောက် ၁၅၀ ခန့်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု ယုံကြည်ရကြောင်း၊ ဆော်ဒီတော်ဝင် မိသားစု၏ အရေးပါမှု လျော့နည်းသော မိသားစုဝင်များလည်း အပါအဝင် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဆော်ဒီမိသားစုနှင့် နီးကပ်မှု ရှိသော ပုဂ္ဂိုလ်တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး Times က ဖော်ပြခဲ့ခြင်းဖြစ်သည်။

တချိန်တည်းမှာပင် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဆော်ဒီအစိုးရနှင့် ဝါရှင်တန်ဒီစီရှိ ယင်း၏သံရုံးထံ Newsweek ကလည်း ဆက်သွယ်ခဲ့သေးသည်ဟု သိရသည်။

ဆော်ဒီအာရေးဗျတွင် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ် တွေ့ရှိမှုကို ပြီးခဲ့သည့် သီတင်းပတ် ခြောက်ပတ်အကြာက စတင် ထုတ်ပြန်ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ယင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂,၉၃၂ ဦး ရှိပြီး ၄၁ ဦး သေဆုံးကာ ၆၃၁ ဦး ပြန်လည်သက်သာလာခဲ့ပြီဖြစ်ကြောင်း Johns Hopkins တက္ကသိုလ်၏ ကိန်းဂဏန်းများအရ သိရသည်။

Times ၏ ဖော်ပြချက်အရ ဗိုင်းရပ်စ် ကူးစက်ခံထားရသူများထဲတွင် စီနီယာ မင်းသားနှင့် ရီယက်ဒ် အုပ်ချုပ်ရေးမှူး ဖိုင်ဆယ် ဘင် ဘန်ဒါ ဘင် အဗ္ဗဒူလာဇစ် အယ် ဆော့ဒ် လည်း ပါဝင်ကြောင်း သိရသည်။ ဆော်ဒီ ဘုရင် ဆော်လ်မန်၏ တူတစ်ဦးဖြစ်သည့် မင်းသားသည် အထူးကြပ်မတ်ကုသဆောင်တွင် ရှိနေသည်ဟု သိရသည်။

ထို့ပြင် တော်ဝင်မိသားစုဝင်များနှင့် ၎င်းတို့နှင့် နီးစပ်သူများအတွက် King Faisal အထူးကုဆေးရုံတွင် ခုတင် ၅၀၀ အထိ ပြင်ဆင်ထားကြောင်း သိရသည်။

အသက် ၈၄ နှစ်အရွယ် ဆော်ဒီဘုရင် ဆော်လ်မန်သည်လည်း ဂျက်ဒါမြို့အနီး နန်းတော်တစ်ခုတွင် သီးခြားခွဲကာ နေထိုင်လျက် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly