ဧပြီ ၆၊ ရန်ကုန်
မြောက်ဥက္ကလာမြို့နယ်ရှိ ပြည်သူ့ဆေးရုံနှင့် ဝေဘာဂီ ကူးစက်ရောဂါကုဆေးရုံတို့တွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းအချို့ နေထိုင်ရေးတွင် အခက်အခဲများရှိနေသဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ နေစရာပေးရန် စီစဉ်ထားကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်၊ သန္တာလမ်းအတွင်းရှိ မျိုးသီဟ ကုမ္ပဏီလီမိတက်မှ ဆောက်လုပ်ထားသော လုံးချင်းအိမ် ၃လုံးနှင့် ကွန်ဒို တစ်လုံးတွင် ကျန်းမာရေးဝန်ထမ်းဦးရေ ၂၀၀ခန့် နေထိုင်နိုင်ရန် စီစဉ် ထားကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်၂မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောသည်။
“တချို့ ကုသပေးနေတဲ့ ဆရာ၊ ဆရာမတွေက အိမ်ငှားနေရတာရှိတယ်၊ အိမ်ငှားနေရတဲ့အခါကျတော့ ရပ်ကွက်ထဲက အိမ်ပိုင်ရှင်တွေက ရောဂါကူးမှာစိုးလို့ မလာစေချင်ဘူးပေါ့ဗျာ တချို့ကျတော့လည်း ဝေဘာဂီ နဲ့ မြောက်ဥက္ကလာဆေးရုံကြီးက ပြန်ရတဲ့ဆရာ၊ ဆရာမတွေက ဝေးတဲ့အတွက်ကြောင့် အဲ့လိုတွေအခက်အခဲဖြစ်ပြီးတော့ နေရာချပေးရတာ”ဟု ၎င်းက ဆိုသည်။
Photo Credit - Win Thandar Phyu
လွန်ခဲ့သော ရက်ပိုင်းက မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအုပ် ဒေါ်ဝင်းသန္တာဖြူက COVID-19 case တွေ ပေါ်လာပြီးနောက် ကျန်းမာရေးဝန်းထမ်းအချို့ ငှားထားသည့် နေအိမ်များမှ မောင်းချခံရခြင်း၊ အဆောင်များမှ ဖယ်ခိုင်းခြင်း၊ နယ်ကလာသည့် ဆရာဝန်အချို့ကို အိမ်ငှား လက်မခံခြင်းစသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် မျှဝေခဲ့သည်။
“လက်ထောက်ဆရာဝန်လေးတွေ အယောက် ၃၀လောက်နေဖို့ ဆေးရုံ နီးနီးနားနား စီစဉ်ပေးချင်လို့ နေရာပေးသူကပေး Aircon တပ်ပေးသူက တပ်ပေးပေမယ့် ပတ်ဝန်းကျင်က ကန့်ကွက်နေလို့ အဆင်မပြေဖြစ်ရတယ်လို့ သိရပါတယ် အသက်စွန့်ကုပေးနေပါလျက် တလွဲအယူတွေ၊ အသိတွေနဲ့ ကျွန်မတို့အပေါ် မရက်စက်ကြပါနဲ့”လို့ ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားခဲ့သည်။
ယခုလို ကျန်းမားရေးဝန်ထမ်းများအတွက် နေထိုင်ရန် နေရာအခက်အခဲကြုံတွေ့ပြီးနောက် မြောက်ဥက္ကလာမြို့နယ် COVID-19 ကာကွယ် ထိန်းချုပ်ရေးကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်းကာ နေရာစီစဉ်ပေးခြင်း ဖြစ်သည်။
အဆိုပါ အဆောင်များတွင် နေထိုင်မည့်သူများကိုလည်း သက်ဆိုင်ရာဆေးရုံများသို့ အကြို၊ အပို့ပြုလုပ်ပေးမည် ဖြစ်ပြီး နေ့စဉ်စားရေး၊ သောက်ရေးအတွက်ပါ တာဝန်ယူဆောင်ရွက်မည်ဟု သိရသည်။