ဧပြီ ၄
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုနှင့်အတူ Forbes က ထုတ်ပြန်သည့် အချမ်းသာဆုံး ထိုင်းသူဌေးအယောက် ၅၀ စာရင်းတွင် ပါဝင်ကြသည့် ထိုင်းဘီလျံနာသူဌေးကြီးများ၏ စုစုပေါင်း ကြွယ်ဝမှုတန်ဖိုးများထဲတွင် ကန်ဒေါ်လာ ၂၈ ဘီလီယံအထိ လျော့ကျပျောက်ပျက်သွားခဲ့ကြောင်း သိရသည်။ ယင်းပမာဏသည် စုစုပေါင်း ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၁၃၂ ဘီလီယံတွင် ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခြင်းလည်း ဖြစ်သည်။
ထိုင်းအစိုးရက ကန်ဒေါ်လာ ၁၆ ဘီလီယံ တန်ကြေးရှိ စီးပွားရေး နိုးဆွမှု အစီအစဉ်တစ်ရပ် ကြေညာခဲ့သော်ငြားလည်း STE Index အညွန်းကိန်းသည် ကြွယ်ဝမှုတန်ဖိုးများကို နောက်ဆုံး တိုင်းတာခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလနောက်ပိုင်း သုံးပုံ ပုံတစ်ပုံနီးပါး ကျဆင်းသွားခဲ့သည်။
ရလဒ်အနေဖြင့် အချမ်းသာဆုံး စာရင်းဝင် ထိုင်း သူဌေးကြီး ၃၈ ဦးသည် ၎င်းတို့၏ အသားတင်ကြွယ်ဝမှုပိုင်းတွင် ကျဆင်းမှုများနှင့် ကြုံတွေ့ခဲ့သည်။ ၎င်းတို့ထဲတွင် ကန်ဒေါ်လာ ၁ ဘီလီယံကျော်အထိ ဆုံးရှုံးခဲ့ရသည့် သူဌေးကြီး ခြောက်ဦးလည်း ပါဝင်နေလျက် ရှိသည်။
ပြီးခဲ့သည့်မတ်လက Tesco ၏ ထိုင်းနှင့် မလေးရှားလုပ်ငန်းများကို ဒေါ်လာ ၁၀ ဒသမ ၆ ဘီလီယံဖြင့် ဝယ်ယူရန် အောင်မြင်စွာ ကမ်းလှမ်းနိုင်ခဲ့သော CP Group ၏ Chearavanont ညီအကိုများသည် နံပါတ်တစ်နေရာကို ဆက်ထိန်းထားနိုင်ဆဲဖြစ်သော်လည်း ၎င်းတို့၏ စုစုပေါင်း အသားတင်ကြွယ်ဝမှုတန်ဖိုးသည် ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ ကျဆင်းကာ ဒေါ်လာ ၂၇ ဒသမ ၃ ဘီလီယံဖြင့် ရပ်တည်နေသည်။
ထိုင်း၏ အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းတွင် ဒုတိယနေရာတွင် ရှိနေသူမှာ Chalerm Yoovidhya ပင် ဖြစ်သည်။ ၎င်းနှင့် ၎င်း၏ မိသားစုသည် ခွန်အားဖြည့် အချိုရည်အမှတ်တံဆိပ် Red Bull ကို ပူးတွဲပိုင်ဆိုင်ထားသည်။ စတော့ စျေးကွက် အရှုံးပေါ်မှုများ ဖြစ်ခဲ့သော်လည်း ပိုင်ဆိုင်ကြွယ်ဝမှုတန်ဖိုးကို မြင့်တက်အောင် စီမံနိုင်ခဲ့သူ သူဌေးကြီးရှစ်ဦးထဲတွင် Chalerm Yoovidhya လည်း ပါဝင်သည်။ ၎င်း၏ အသားတင်ပိုင်ဆိုင်မှုသည် ယမန်နှစ်က ဒေါ်လာ ၁၉ ဒသမ ၉ ဘီလီယံကနေ ဒေါ်လာ ၂၀ ဒသမ ၂ ဘီလီယံကို မြင့်တက်ခဲ့သည်။
Thai Beverage တည်ထောင်သူ Charoen Sirivadhanabhakdi သည် ပြီးခဲ့သည့်တစ်နှစ်အကြာက အသားတင်ကြွယ်ဝမှုပိုင်းတွင် ဒေါ်လာ ၁၆ ဒသမ ၂ ဘီလီယံ ရှိခဲ့ရာကနေ ကျဆင်းမှု ကြုံတွေ့ခဲ့သော်လည်း ယခုအခါ ဒေါ်လာ ၁၀ ဒသမ ၅ ဘီလီယံဖြင့် တတိယနေရာကို တက်လာခဲ့သည်။
Central Retail လက်လီလုပ်ငန်းကြီးကို လုပ်ကိုင်နေသည့် Chirathivat မိသားစုသည်လည်း ၎င်းတို့၏ ကြွယ်ဝမှုတန်ဖိုး ထက်ဝက်ကျော် ကျဆင်းမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ယခုအခါ ၎င်းတို့သည် ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံဖြင့် ယခင် ဒုတိယနေရာမှ စတုတ္ထနေရာသို့ ဆင်းပေးခဲ့ရသည်။
အိန္ဒိယဖွား ရေနံဓာတုပစ္စည်းထုတ် လုပ်ငန်းရှင် Aloke Lohia သည်လည်း ရာခိုင်နှုန်းအားဖြင့် ကြီးကြီးမားမား ထိခိုက်ခဲ့သည်။ ၎င်း၏ ကုမ္ပဏီ Indorama Ventures ၏ ရှယ်ယာတန်ဖိုးများ ၁၁ လအတွင်း ၅၇ ရာခိုင်နှုန်း ကျဆင်းခြင်းနဲ့အတူ Mr Lohia ၏ အသားတင်ကြွယ်ဝမှုတန်ဖိုးသည် ယမန်နှစ်က ဒေါ်လာ ၂ ဒသမ ၅၂ ဘီလီယံရှိခဲ့ရာကနေ ဒေါ်လာ ၁ ဒသမ ၀၉ ဘီလီယံကို ကျဆင်းခဲ့သည်။
ကမ္ဘာတဝန်း စွမ်းအင် စျေးနှုန်းများ ပြိုလဲနေသော်လည်း ထိုင်းနိုင်ငံ၏ စွမ်းအင်လုပ်ငန်းရှင် လေးဦးအနက် သုံးဦးတို့သည် ၎င်းတို့၏ ပိုင်ဆိုင်မှုတန်ဖိုး တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ သဘာဝဓာတ်ငွေ့နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အပေါ် အာရုံစိုက်ခဲ့မှုကနေ အကျိုးဖြစ်ထွန်းမှု ရရှိခဲ့သည်။ အားလုံးအနက် စွမ်းအင်လုပ်ငန်းရှင်ကြီး Sarath Ratanavadi က အကြီးဆုံး တိုးတက်အောင်လုပ်နိုင်ခဲ့သူဖြစ်ခဲ့ပြီး အသားတင်ကြွယ်ဝမှုတန်ဖိုး ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံထိ ရှိနေခဲ့သည်။