နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ် လုံးဝ မရှိပါဟု မြောက်ကိုရီးယား ထုတ်ပြန်

By CNA
03 April 2020
နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ် လုံးဝ မရှိပါဟု မြောက်ကိုရီးယား ထုတ်ပြန်

ဧပြီ ၃

မြောက်ကိုရီးယားနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် (COVID-19) လုံးဝ ကင်းစင်သော နိုင်ငံအဖြစ် ဆက်ရှိနေလျက် ရှိကြောင်း ယင်းနိုင်ငံ၏ ကျန်းမာရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ဧပြီ ၂ ရက်တွင် အခိုင်အမာ ပြောဆိုသွားခဲ့သည်။

သို့သော် မြောက်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုြဖစ်စဉ် ကင်းစင်နေသည် ဆိုသည့် ပြောဆိုမှုများအပေါ် ပြည်ပနိုင်ငံများက သံသယရှိနေကြသည်။

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်း အရေအတွက်သည် ယခုအခါ တစ်သန်းကျော်အထိ ရှိလာခဲ့ပြီ ဖြစ်သည်။

အိမ်နီးချင်း တရုတ်နိုင်ငံတွင် ဇန်နဝါရီလက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ပထမဆုံး တွေ့ရှိပြီးနောက်ပိုင်း မြောက်ကိုရီးယားအာဏာပိုင်တို့သည် ယင်း၏ နယ်စပ်များကို အလျင်အမြန်ပင် ပိတ်ခဲ့သလို တင်းကျပ်သည့် ကန့်သတ်ထိန်းချုပ်မှု အစီအမံများလည်း ချမှတ်ဆောင်ရွက်ခဲ့သည်။

ထိုကဲ့သို့ တာဝန်ရှိသူများ၏ အားထုတ်ကြိုးပမ်းမှုများက လုံးဝ အောင်မြင်ခဲ့ကြောင်း မြောက်ကိုရီးယား၏ အရေးပေါ် ကူးစက်ရောဂါတားဆီးနှိမ်နင်းရေး ဗဟိုဌာနချုပ်မှ ကူးစက်ရောဂါ တားဆီးရေးဌာန၏ ဒါရိုက်တာ ပက်ခ်မြောင်ဆူ က အခိုင်အမာ ပြောဆိုသွားခဲ့သည်။

“လက်ရှိအချိန်ထိ ကျွန်တော်တို့ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မရှိပါဘူး” ဟု ပက်ခ် က အေအက်ဖ်ပီကို ပြောသွားခဲ့သည်။

“နိုင်ငံထဲ ဝင်လာသူတိုင်းကို စစ်ဆေးမှုတွေ လုပ်တာ၊ သီးခြားခွဲပြီး စောင့်ကြည့်တာ ၊ ကုန်စည်တွေအားလုံးကို သေချာပိုးသတ်တာ၊ နယ်စပ်တွေ ပိတ်တာနဲ့ ရေလမ်းကြောင်း၊ လေယာဉ်လမ်းကြောင်းတွေ ပိတ်တာ စတဲ့ လုပ်ဆောင်ချက်တွေကို ကျွန်တော်တို့ လုပ်ခဲ့ပါတယ်”  ဆိုပြီး ၎င်းက ပြောသွားခဲ့သည်။

လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံ အားလုံးနီးပါးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်များ ဖြစ်ပေါ်ထားသည်။ တရုတ်အပြင် တောင်ကိုရီးယားနိုင်ငံသည်လည်း အဆိုးရွားဆုံးသော ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုဒဏ် ခံစားခဲ့ရသည်။

မြောက်ကိုရီးယားတွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်းသည့်အတွက် ယင်းနိုင်ငံအနေဖြင့် ဗိုင်းရပ်စ်ဒဏ် ခုခံနိုင်စွမ်း နည်းပါးနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောထားခဲ့သည်။ ထို့ပြင် ပြုံယမ်းအာဏာပိုင် များသည် ရောဂါဖြစ်ပွားမှုကို ဖုံးကွယ်ထားကြောင်း ပြည်ပြေးများကလည်း စွပ်စွဲထားသည်။

အလားတူ တောင်ကိုရီးယားတွင် ရှိနေသော အမေရိကန်စစ်တပ် အဆင့်မြင့်တပ်မှူးကြီးတစ်ဦးြဖစ်သည့် ဗိုလ်ချုပ်ကြီး ရောဘတ် အေဘရမ်စ်ကလည်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်စဉ်မရှိပါဆိုသည့် ပြုံယမ်း၏ ပြောကြားချက်သည် မှန်ကန်ခြင်း မရှိနိုင်ကြောင်း ဧပြီ ၂ ရက်တွင် ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly