မေတ္တာပင်လယ် နီလေတယ်

မေတ္တာပင်လယ် နီလေတယ်

ခေတ်ပြောင်းခေတ်လွဲ ရွေးကောက်ပွဲဟု တင်စားခြင်းခံရသည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပတော့မည်ဖြစ် သည်။ ရွေးကောက်ပွဲ မကျင်းပမီ တစ်ပတ်တိတိတွင် အဓိက အတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်(အင်န်အယ်လ်ဒီ ပါတီ)၏ ရန်ကုန်တိုင်းလုံးဆိုင်ရာ မဲဆွယ်စည်းရုံးရေးကို ပြုလုပ် ခဲ့သည်။

လူထုခေါင်းဆောင်ဟု သတ်မှတ်ခြင်းခံရသည့် အင်န်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက် ဟောပြောခဲ့ရာ လူထုသိန်းချီ တက်ရောက်သော လူပင်လယ် ဖြစ်သွားခဲ့သည်။ အသက် ၇၀ ကျော်အရွယ် ရှိလာပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်သူများနှင့် ခေတ်ပြောင်းခေတ်လွဲ ဖြစ်ရမည် ဟု မျှော်လင့် ယုံကြည်ထားသော အင်န်အယ်လ်ဒီ ထောက်ခံသူအများစု တက်ရောက်ခဲ့ကြသဖြင့် အဆိုပါ လူပင်လယ်သည် အနီရောင် ပင်လယ်ပြင်ကဲ့သို့ ဖြစ်နေသည်ကို တွေ့ရသည်။

ပြည်တွင်းပြည်ပ မီဒီယာပေါင်း ၁၀၀ ခန့်က သတင်းရယူကြရာ မဲဆွယ်စည်းရုံးရေးကိစ္စ ဖြစ်သော်လည်း ပြည်တွင်းကရော နိုင်ငံတကာကပါ သတင်းတင်ဆက်ရမည့် ကိစ္စ ဖြစ်နေသည်ကို ထင်ရှားစွာတွေ့ ရသည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို မြန်မာနိုင်ငံသားများက ရင်ခုန်တိမ်းမူး ကြသည်ထက် ဒေသတွင်း အဖွဲ့အ စည်းဖြစ်သော အာဆီယံနှင့် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မိသားစုက မျက်စိဒေါက်ထောက် စောင့်ကြည့် ရင်ခုန်နေကြသည်။ မြန်မာ့ အပြောင်းအလဲသည် နိုင်ငံတကာ အပြောင်းအ လဲကြီး တစ်ခုကဲ့သို့ပင် သူတို့ ခံစားနေကြသည်။

မဲဆန္ဒရှင် ပြည်သူအများစုကား စစ်အာဏာရှင်တို့၏ စစ်အစိုးရ အဆက်ဆက်အောက်တွင် ရာစုနှစ် ဝက်ကျော် ရှင်သန် နေထိုင်ခဲ့ကြရပြီးဖြစ်ရာ ကြောက်ရွံ့သော ဆိတ်ဆိတ်နေသော ကိုယ့်မထိလျှင် မနာတတ် အောင် လုပ်ခံထားရသော အသားသေ အကျင့်များဖြင့် ပိပြားငြိမ်ဝပ် ရှင်သန်ခဲ့ရသည်ဖြစ်ရာ ခေတ်ပြောင်း ခေတ်လွဲ ရွေးကောက်ပွဲကို မယုံမရဲနှင့်သာ ရှိနေကြလေသည်။ သို့သော် နိုဝင်ဘာ ၁ လူနီပင်လယ်သည် ၂၀၁၆ အစိုးရသစ်ကို အရိပ်အယောင် ပြလိုက်သည်ဟုပင် ထင်မြင်ရလေသည်။

မြန်မာနိုင်ငံသား ၅၁ သန်းကို ကိုယ်စားပြုကြမည့် သန်း ၃၀ ကျော် အရေအတွက်ရှိသော မဲဆန္ဒရှင် ပြည်သူများအနေနှင့် မည်မျှပင် တက်ကြွသည်ဖြစ်စေ၊ ရဲရင့်သည်ဖြစ်စေ၊ ယုံကြည် သည်ဖြစ်စေ နိုဝင်ဘာ ၈ တွင် တည်ဆောက်ဖွယ်ရှိသည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတံတိုင်းအား ကျော်ဖြတ် ကြရပါလိမ့်ဦးမည်။ တံတိုင်းသည် လိုသလို ရှည်ထွက်ချင် ထွက်ပါလိမ့်မည်၊ ထင်သည်ထက် ခိုင်ခံ့ချင် ခိုင်နေလိမ့်မည်၊ မိုးထိုးဖွယ် မြင့်တက်ချင် မြင့်ပေလိမ့်မည်။ မဲဆန္ဒရှင် ပြည်သူများသည် ရဲရဲတောက် စိတ်ဓာတ်ဖြင့် မမှိတ်မသုန် အားအင် ဖြည့်ကာ ကြိုးစားကြရပါလိမ့်မည်။

အနီရောင်သည် တက်ကြွခြင်း၊ ရဲဝံ့ခြင်း၊ မကြောက်ခြင်းတို့ကို ကိုယ်စားပြုသကဲ့သို့ပင် အခြားတစ်ဖက် တွင်လည်း အနိဋ္ဌာရုံများဖြစ်သော သွေးထွက်သံယိုနှင့် အစွန်းဘက်ကိစ္စများ ရှိနေတတ်ပါသည်။ သို့ဖြစ်ရာ မဇ္ဈိမက မေတ္တာအနီဟု တင်စားလိုသည်၊ နီချင်နီ ရဲချင်ရဲပါ၊ သို့သော် ချစ်ခြင်းနှင့် မေတ္တာပါသော ရဲသူနီသူများ ဖြစ်စေချင်သည်။ မိမိအားအင်ကို လိုသလို သုံးတတ်သူ သတ္တိရှိသော အနီများ သည် တစ်ပါးသူများအား ကူညီ သော၊ စာနာသော၊ ဒုက္ခမပေးသော အနီများ ဖြစ်စေချင်သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မဇ္ဈိမကြားလိုသော စကားကိုပင် နိုဝင်ဘာ ၁ တွင် ပြောခဲ့သည်။ “အဖွဲ့ချုပ်က ၁၀၀ ရာခိုင်နှုန်း နိုင်လို့ရှိရင်တောင်မှ လက်ကမ်းကြိုဆိုပြီး အတူလက်တွဲပြီး လုပ်ချင်တဲ့စိတ် ရှိပါတယ်” ။ စကားကား ကုန်ခဲ့လေပြီ၊ ပင်လယ်နီကို သူစကားဆိုသည်၊ ရာခိုင်နှုန်းပြည့် နိုင်ချင်သည်၊ သို့သော် ကြမ်းကြမ်းမနိုင်၊ လှလှလေး နိုင်လိုသည်။

ရှုံးသူနှင့်ဖြစ်စေ၊ မည်သူနှင့်ဖြစ်စေ လိုအပ် လျှင် လက်ကမ်းကြိုပြီး တိုင်းပြည်နှင့် လူထုအကျိုးရည် လုပ်ဆောင်ကြမည်။ ဤသို့ဆိုလျှင် မြန်မာသည် မေတ္တာအနီဖြင့် စီရင်အပ်သော စိမ်းလန်း သာယာ ပြည်မြန်မာ ဖြစ်ပေတော့မည်။ မလွယ်ရေးချ မလွယ်ပါ၊ သို့သော် စုပေါင်းညီညာလျှင် အောင်ကြောင်းဖြာရမည်သာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags