ဂျပန် ဖျက်သင်္ဘောနှင့် တရုတ် ငါးဖမ်းရေယာဉ်တို့ ပင်လယ်ပြင်အတွင်း တိုက်မိခဲ့

ဂျပန် ဖျက်သင်္ဘောနှင့် တရုတ် ငါးဖမ်းရေယာဉ်တို့ ပင်လယ်ပြင်အတွင်း တိုက်မိခဲ့

မတ် ၃၁ 

ဂျပန် ရေတပ် ဖျက်သင်္ဘောတစ်စင်းနှင့် တရုတ် ငါးဖမ်းရေယာဉ်တစ်စင်းတို့ မတ်လ ၃၀ ရက်က ရှန်ဟိုင်းမြို့ ပြင်ပ ပင်လယ်ပြင်တွင် တိုက်မိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း ဂျပန် မီဒီယာများက မတ်လ ၃၁ ရက်တွင် ဖော်ပြသည်။

တရုတ် ငါးဖမ်းရေယာဉ်နှင့် တိုက်မိခဲ့ခြင်းကြောင့် ဂျပန် ပင်လယ်ရေကြောင်း ကိုယ်ပိုင် ကာကွယ်ရေးတပ်မှ ဖျက်သင်္ဘော Shimakaze ၏ ဝဲဘက်ခြမ်းတွင် ပျက်စီးမှုတချို့ ဖြစ်ပေါ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ကျိုတို သတင်းအေဂျင်စီက ဖော်ပြသည်။

ယင်းနောက် အမှုထမ်း ၁၃ ဦးပါ ငါးဖမ်းရေယာဉ်နှင့် ဂျပန် ရေတပ်သင်္ဘော တို့သည် အခြားအကူအညီမယူဘဲ ယင်းတို့ဘာသာ ဆက်လက် ခုတ်မောင်းသွားခဲ့ကြကြောင်း ဂျပန်စစ်တပ်က ပြောသည်။

ဖျက်သင်္ဘော Shimakaze သည် မတ်လ ၂၉ ရက်က ဆာဆီဘို ဆိပ်ကမ်းမှ ထွက်ခွာပြီး ကင်းလှည့်သွားလာနေစဉ် ယခုကဲ့သို့ တရုတ်ရေယာဉ်နှင့် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ဂျပန် ကမ်းခြေစောင့် စုံစစ်ရေးအဖွဲ့တစ်ခုနှင့် ပူးပေါင်းလုပ်ဆောင်နေပြီး ရေတပ်အတွင်း စစ်ဆေးမှုတစ်ခု လုပ်ဆောင်မည်ဖြစ်ကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

အဆိုပါ ဖြစ်စဉ်သည် ဂျပန်နိုင်ငံ၏ ယာကူရှီးမားကျွန်း အနောက်ပိုင်း ကီလိုမီတာ ၆၅၀ ခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း NHK သတင်းဌာနက ဖော်ပြသည်။

ယင်း ဧရိယာသည် ဂျပန်အခေါ် ဆန်ကာကူ၊ တရုတ်အခေါ် သရောက်ယွီ အငြင်းပွားကျွန်းများ၏ မြောက်ဘက် ဧရိယာဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly