နယ်သာလန်နိုင်ငံ Singer Laren ပြတိုက်ရှိ ဗင်းဆင့်ဗန်ဂိုးလက်ရာ ပန်းချီကား အခိုးခံရ

နယ်သာလန်နိုင်ငံ Singer Laren ပြတိုက်ရှိ ဗင်းဆင့်ဗန်ဂိုးလက်ရာ ပန်းချီကား အခိုးခံရ

မတ် ၃၁

နာမည်ကျော် ဒတ်ရှ်လူမျိုးပန်းချီပညာရှင် ဗင်းဆင့်ဗန်ဂိုး၏ ပန်းချီကားတစ်ချပ်သည် နယ်သာလန်နိုင်ငံ Singer Laren ပြတိုက်မှ ခိုးယူခံလိုက်ရကြောင်း ပြတိုက်တာဝန်ရှိသူများက ပြောသည်။

ပန်းချီကားသူခိုးများသည် ပြီးခဲ့သည့် တနင်္လာနေ့ (မတ် ၃၀) မနက် ၃ နာရီ ၁၅ မိနစ်ဝန်းကျင်က ပြတိုက်ကို ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး ၁၈၈၄ ခုနှစ် နွေဦးချိန်ခါက နယ်သာလန် Nuenen မြို့ရှိ ခရစ်ယာန်ဘုန်းတော်ကြီး၏ ဥယျာဉ်ကို ပုံဖော်ထားသော Spring Garden ဟု အမည်ပေးထားသည့် ပန်းချီကားကို ခိုးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါပန်းချီကားသည် ပေါင် (၅) သန်း တန်ဖိုးရှိပြီး Groninger ပြတိုက်မှယူ၍ Singer Laren ပြတိုက်တွင် ငှားရမ်းပြသထားခြင်းဖြစ်သည်။ တခြား အနုပညာလက်ရာပစ္စည်းများမှာ တစ်ခုမျှ အခိုးမခံရဟုဆိုသည်။

ပန်းချီကားများကို စုဆောင်းပြသကြသည့် ဝီလျံနှင့်အန်နာဆင်ဂါဇနီးမောင်နှံ တို့ကလည်း ယင်းပန်းချီကား ခိုးယူခံရသည့်အတွက် အံ့ဩတုန်လှုပ်ပြီး စိတ်မကောင်းဖြစ်နေကြောင်း ပြတိုက်အထွေထွေဒါရိုက်တာ Evert van Os က ပြောသည်။

Groninger ပြတိုက်သည် နယ်သာလန်နိုင်ငံမြောက်ပိုင်းရှိ Groninger  မြို့ တွင်တည်ရှိပြီး ပျောက်ဆုံးသွားသည့် ပန်းချီကားသည် ၁၈၈၄ ခုနှစ်လက်ရာ ဘောင်ကွပ်ထားသည့် ဆီဆေးပန်းချီကားတစ်ချပ်ဖြစ်ကာ Groninger ပြတိုက်တွင် တစ်ခုတည်းသော ဗင်ဂိုးလက်ရာဖြစ်သည်။

“ ပန်းချီကားအခိုးခံရတော့ တော်တော်လေး အံ့ဩမိတယ်။ အခု စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်၊ ရဲတွေက တာဝန်ယူဆောင်ရွက်နေတာဖြစ်လို့ ခုချိန် ဘာမှမပြောနိုင်သေးပါဘူး၊ အခိုးခံရတဲ့အတွက် စိတ်ပျက်မိတယ် ” ဟု Singer Laren ပြတိုက်၏ ဒါရိုက်တာဖြစ်သူ Jan Rudolph de Lorm  ကပြောသည်။

လက်ရှိအချိန်တွင် Singer Laren ပြတိုက်သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ပိတ်ထားသည်။

ပြတိုက်မပိတ်မီက အမ်စတာဒမ်ရှိ Rijksmuseum နှင့် ပူးပေါင်းပြီး ပန်းချီအနုပညာရှင်များဖြစ်ကြသည့် Toorop မှ Mondrian အထိ ပန်းချီအနုပညာရှင်များစွာ၏ လက်ရာများပါဝင်သော Mirror of the Soul အမည်ရှိ ပြပွဲတစ်ခုကို ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly