နှာခေါင်းစည်း mask တွေ စျေးနှုန်း အဆနှစ်ဆယ်ကျော်အထိ မြင့်တက်လာ

နှာခေါင်းစည်း mask တွေ စျေးနှုန်း အဆနှစ်ဆယ်ကျော်အထိ မြင့်တက်လာ
Photo: EPA

ပါးစပ်စည်း၊ နှာခေါင်းစည်း Mask များအား COVID-19 ရောဂါပိုးကာကွယ်ရန် ဝယ်ယူမှုများလာခြင်းနှင့် တရုတ်နိုင်ငံက တင်သွင်းရာမှာလည်း စျေးနှုန်းတွေ မြင့်တက်လာသဖြင့် ဖေဖော်ဝါရီလကထက် ယခုလတွင် စျေးနှုန်းအားဖြင့် အဆနှစ် ဆယ်ကျော်အထိ မြင့်တက်လာကြောင်း မန္တလေးမြို့ ISO ဆေးဆိုင် ပိုင်ရှင် ဦးဝင်းမောင်ဌေးက ပြောသည်။

"ဒီလ ၁၃ရက် ကတည်းက ကုန်ကြမ်းစျေးနှုန်းက အဆနှစ်ဆယ်ကျော်စျေးတက်သွားတယ်၊ ကုန်ချောကလည်း အဆနှစ်ကျော်လောက်တက်သွားတယ်။"ဟု ၎င်းက ပြောသည်။

Mask စျေးနှုန်းများမှာ ဖေဖော်ဝါရီလအတွင်း တစ်ခုလျှင် ကျပ် ၃၀-၅ဝကျပ်ဝန်းကျင်ခန့်သာရှိခဲ့ရာမှ ယခုအခါ ကျပ် ရဝဝအထိ မြင့်တက်လာပြီဖြစ်ကြောင်း၊ အလားတူ လက်သန့်ဆေးရည်များမှာလည်း ပြည်တွင်းတွင် ထုတ် လုပ်၍ ရသော်လည်း ထုတ်ပိုးရာတွင် အသုံးပြုသည့် ပစ္စည်းများမှာ စျေးကွက်အတွင်း ပစ္စည်းပြတ်လပ်သလောက်ရှိခြင်းကြောင့် လက်သန့်ရည်များမှာ စျေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

"ပြည်ပက တင်သွင်းခြင်းမပြုရပဲ ပြည်တွင်းမှာ ထုတ်လုပ်လို့ရတဲ့ လက်သန့်ဆေးရည်တွေဟာလည်း ထုတ်ပိုးတဲ့ ပစ္စည်းတွေ ပြတ်လပ်သလောက်ဖြစ်လာတဲ့အတွက် စျေးနှုန်းတွေ မြင့်တက်လာနေပါတယ်၊ ဒါအပြင် ဆေးဝယ်ယူစုဆောင်းမှုဟာလည်း တစ်နေ့ထက် တစ်နေ့မြင့်တက်လာနေတဲ့အတွက် တချို့သော ဆေးတွေက တစ်နှစ်မှာမှ တစ်ခါပဲ အော်ဒါတင်လို့ရတဲ့ ဆေးပစ္စည်းမျိုးတွေဖြစ်တဲ့အတွက် ဒီအတိုင်းဆက်ဖြစ်နေမယ်ဆိုရင် ရေရှည်မှာ ဆေးဝါးပြတ် လပ်မှုတွေရှိလာနိုင်တယ်။"ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။

Mask လက်သန့်ဆေးရည်၊ အပူချိန်တိုင်းတာစက်များမှာ လိုအပ်ချက်ကြောင့် စျေးနှုန်းတက်လာသော်လည်း အခြားသော စားသောက်ကုန်များမှာ COVID-19 ရောဂါပိုးအကြောင်းပြုကာ တန်ဖိုးထက် ပိုမိုသောစျေးနှုန်းများဖြင့် ရောင်းချခြင်များရှိနေသော်လည်း စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ထိန်းသိမ်းသွားရန် အစီအစဉ် မရှိကြောင်း၊ ယခုအချိန်အထိ စားသုံးသူများက ကုန်ပစ္စည်းတွေကို တန်းဖိုးထက် ပိုမိုကာ ရောင်းချနေသဖြင့် လာရောက် တိုင်ကြားတာတွေ မရှိသေးကြောင်းသိရသည်။

မြန်မာနိုင်ငံအတွင်းတွင် COVID-19 ရောဂါပိုးရှိသူမှာ မတ် ၂၇ ရက်နေ့အထိ ငါးဦးရှိခဲ့ပြီး မတ် ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ရန်ကုန်မြို့တွင် သုံးဦး ထပ်မံတွေ့ရှိသည်ဟု သတင်းထုတ်ပြန်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူမှာ ယခုအခါ ရှစ်ဦးထိရှိလာပြီ ဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly