မတ် ၁၉၊ ရန်ကုန်။ ။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်မှု အာဏာပိုင်အဖွဲ့ (YRTA)မှ ဆောင်ရွက်ပေးနေသည့် City Taxi မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့် ကုန်စည်ယာဉ်မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဧပြီလ ၃၀ရက်နေ့အထိ ဆိုင်းငံထားကြောင်း YRTA ၏ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
ကိုရိုနာဗိုင်းရပ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များ မပြုလုပ်ရန် နိုင်ငံတော်အစိုးရက တားမြစ်ထားတာကြောင့် မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူစုလူဝေး မဖြစ်စေရေးအတွက် ယခုလို ဆိုင်းငံ့ထားရခြင်း ဖြစ်ကြောင်း ၎ကဆိုသည်။
ထိုသို့ဆိုင်းငံ့ထားသည့် ကာလအတွင်း သက်တမ်းတိုးရမယ့်ယာဉ်များ၊ မှတ်ပုံတင် ဆောင်ရွက်မယ့်ယာဉ်များ အနေဖြင့် ခေတ္တဆိုင်းငံ့ကာလပြီးမြောက်မှသာ သတ်မှတ်ဒဏ်ကြေးပေးစရာမလိုဘဲ ပြန်လည်ဆောင်ရွက်ရမည်ဟု သိရသည်။
“City Taxi က ဒီကာလအတွင်းမှာ သက်တမ်းပြည့်တယ် ပုံမှန်အတိုင်းဆို ဒီကာလမှာ သက်တမ်းတိုးမယ် ဒါပေမယ့် ဒီရက် ဒီကာလမှာ ဆိုင်းငံ့လိုက်တဲ့အတွက် ဧပြီလ ၃၀ရက်ကျော်ရင် အဲ့ဒီနောက်ပိုင်းမှာ လာလုပ်ရင်လည်း ဆိုင်းငံ့တဲ့ကာလအတွင်းမှာ ပျက်ကွက်တယ်လို့ မယူဆဘဲ ပုံမှန်တိုင်း ပြန်လည်ဆောင်ရွက်သွားမှာပါ”ဟု ဦးလှအောင်က ပြောသည်။
နိုင်ငံတော် သမ္မတရုံးမှ လူစုလူဝေးနှင့် ပွဲလမ်းသဘင် မပြုလုပ်ရသည့် ကာလကို ထပ်မံတိုးမြှင့်လာပါကလည်း City Taxi မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့် ကုန်စည်ယာဉ်မှတ်ပုံတင်ခြင်း လုပ်ငန်းများ ပြုလုပ်ရန် ဆိုင်းငံ့ ကာလကို ထပ်မံတိုးမြှင့်သွားနိုင်သည်ဟု ၎ကပြောသည်။
ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်ဖွဲ့ (YRTA) တွင် City Taxi မှတ်ပုံတင်ထားသော ယာဉ်အစီးရေ ၆၀၀၀၀ ကျော်ရှိပြီး တနေ့ကို မှတ်ပုံတင်လာရောက် လုပ်ကိုင်သူ၊ သက်တမ်း လာရောက်တိုးမြှင့်သူ ဦးရေ ၂၀၀ကျော် ရှိကြောင်း သိရသည်။