ဆမီးမြို့သို့ရောက်ရှိနေသည့် တိုက်ပွဲရှောင် ပြည်သူများအတွက် စီစဉ်ပေးထားမှုအပေါ် ပြည်သူ့မျှော်လင့်ချက် လူမှုဖွံ့ဖြိုးရေးအသင်းမှ ဦးဆောင်ဒါရိုက်တာ ဦးဇော်လီအောင်နှင့် ဆက်သွယ်မေးမြန်းခြင်း

ဆမီးမြို့သို့ရောက်ရှိနေသည့် တိုက်ပွဲရှောင် ပြည်သူများအတွက် စီစဉ်ပေးထားမှုအပေါ် ပြည်သူ့မျှော်လင့်ချက် လူမှုဖွံ့ဖြိုးရေးအသင်းမှ ဦးဆောင်ဒါရိုက်တာ ဦးဇော်လီအောင်နှင့် ဆက်သွယ်မေးမြန်းခြင်း

ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊ ဝက်မကျေးရွာအုပ်စုရှိ  မိတ်စာဝ(၂)နှင့် မိတ်စာဝ(၃)တို့တွင် မတ်လ ၁၄ရက် မနက်ပိုင်းက  တပ်မတော်နှင့် ရခိုင်တပ်(AA) တို့  တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် အဆိုပါကျေးရွာ နှစ်ခုပေါင်း အိမ်ခြေ ၁၀၀ကျော်မှ ဒေသခံများသည်  မီးစာဝ(၁) ကျေးရွာသို့ ပြောင်းရွေ့နေထိုင်ခဲ့ကြသည်။ အလားတူပင် ပြိုင်တိန်ကျေးရွာကလည်း မီးဇာဝ(၁)သို့ ပြောင်းရွေ့နေထိုင်ခဲ့ကြသည်။

မတ်လ ၁၅ရက် ညနေပိုင်းနှင့် မတ်လ ၁၆ရက်နေ့များတွင် မီးစာဝ(၁) အပါအဝင် အနီးရှိရွာများတွင်ပါ တိုက်ပွဲ များပြင်းထန်စွာဖြစ်ပွားလာခြင်းကြောင့် ကျေးရွာအားလုံးစုပေါင်းကာ ဆမီးမြို့ ဘက်ကို ထွက်ပြေးလာကြ သည်။

လက်ရှိတွင် ကျေးရွာများမှ ထွက်ပြေးလာသူများကို ဆမီးမြို့ရှိ ဘာသာရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့ အစည်းများက အလက(၂) အပါအဝင် ဘာသာရေးအဆောက်အအုံများ၊ အစိုးရဌာနပိုင် အဆောက်အအုံများ တွင် တိုက်ပွဲရှောင်စခန်းများဖွင့်လှစ်ကာ အရပ်ဘက်အဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးနေသည့် အခြေ အနေများနှင့်ပတ်သက်ပြီး ပြည်သူ့မျှော်လင့်ချက် လူမှုဖွံ့ဖြိုးရေးအသင်းမှ ဦးဆောင်ဒါရိုက်တာ ဦးဇော်လီအောင်ကို မဇ္ဈိမ သတင်းဋ္ဌာနမှ ဆက်သွယ်မေးမြန်းထားသည်။

မေး။      ။ပလက်ဝမြို့နယ်မှာရှိတဲ့ ကျေးရွာတွေ  ဘာကြောင့် ဆမီးမြို့ကိုရောက်လာသလဲ။ သူတို့ဘာကြောင့်လို့ ပြောလဲ။

ဦးဇော်လီအောင်။     ။ လွန်ခဲ့တဲ့ မတ်လ ၁၄ရက်က လက်နက်ကျည် ကျတယ်။ ၁၅ရက်နေ့ မှာလည်း လက် နက်ကျည်ကျတော့ ဒီရက်ပိုင်းအတွင်းမှာ သေဆုံးတာက ၂၁ဦးရှိတယ်။ ဒဏ်ရာရတာက ၂၈ဦးကျော်တယ်။ ၂၈၊၂၉ ဝန်းကျင်ရှိသွားတော့ သူတို့က မီးစာဝမှာ ဆက်မနေရဲတော့ဘူး။ ဆက်နေရင် အများကြီး ထိခိုက်နစ်နာ ဆုံးရှုံးမှုတွေရှိမယ်။ အဲဒါကြောင့်မို့ အမြန်ဆုံးတစ်နေရာကို ဆက်ရှောင်သွားရင်ကောင်းမယ်ဆိုပြီးတော့ သူတို့က မိမိအစီအစဉ်နဲ့ မိမိရွေ့ဖို့  ပလက်ဝမြို့ပေါ်သွားဖို့ကလည်း လမ်းခရီးအဟန့်အတားတွေကရှိတော့ ဆမီးမြို့ကို သွားတာက အဆင်ပြေဆုံးဆိုပြီးတော့ ဦးတည်လာပြီးတော့ ပြောင်းရွေ့လာတာပါခင်ဗျ။

မေး။      ။သူတို့က လာတဲ့အခါမှာ ဘယ်လိုဆက်သွယ်လာလဲ။

ဦးဇော်လီအောင်။      ။သူတို့ဆက်သွယ်လာတာက နီးစပ်ရာ၊နီးစပ်ရာအမျိုးတွေကို ဆက်သွယ်တယ်။ အစိုးရ ကိုတော့ မဆက်သွယ်ဘူးပေါ့နော်။ ဋ္ဌာနဆိုင်ရာကို မဆက်သွယ်ဘဲ အမျိုးတွေကို ဆက်သွယ်ပြီးတော့ တစ်ဆင့် တဆင့်ပြောကြတော့ တစ်မြို့လုံးမှာ သတင်းတွေကြားလို့ ပြောင်းလာမယ်ဆိုတော့ ကျွန်တော်တို့ဘက်ကလည်း သူတို့မှာ စက်လှေတွေရှိတယ်။ ဆီက အဆင်မပြေဘူး။ ကျွန်တော်တို့ဘက်ကလည်း ဆီနည်းနည်းပါးပါးဆောင် ရွက်ပေးတယ်။ စစ်ဘေးရှောင်တွေက အရမ်းများနေတော့ သူတို့ဆီကို ဆမီးကနေ  ဟွန်ဒိုင်း စက်လှေတွေ လွှတ်ပြီးတော့ သွားခေါ်တာတွေရှိတယ်။

မေး။      ။ ဒေသခံတွေက လေကြောင်း ကနေပစ်ခတ်တယ်ဆိုပြီး ပြောတာတွေရှိတယ်။  ဘယ်သူတွေက ပစ်တာလဲ။ ဘယ်လိုပုံစံမျိုးလဲ။ သူတို့ဘယ်လိုပြောပြထားလဲ။

ဦးဇော်လီအောင်။       ။ဟုတ်တယ်။ သူတို့ပြောပြထားတာက မိတ်စာ(၁)(၂)(၃) အနီးတစ်ဝိုက်မှာက ဆမီး ချောင်းနဲ့ ကုလားတန်မြစ် ဆုံတဲ့နေရာမှာ အဲဒီမှာတပ်ရင်းတစ်ရင်းရှိတယ်။ အမြောက်တပ်လား ကျွန်တော် တော့သိပ်တော့ နားမလည်ဘူး။ အဲဒီအနားတစ်ဝိုက်မှာ အင်တာနက်လိုင်းလည်းရတယ်။ အဲဒီတော့ သူတို့က ဒီရွာမှာ အဝင်အထွက်ရှိမယ့် သဘောရှိတယ်။ ဒါပေမယ့် လာတဲ့သူတွေကတော့ အဝင်အထွက်ရှိတာမပြောဘူး ပေါ့ဗျာ။ အဲဒီတော့ ရွာထဲမှာပဲ မမျှော်လင့်ဘဲ လက်နက်ကျည်ကျလာတာပေါ့ဗျာ။ သူတို့လည်းလုံးဝမမျှော်လင့် ဘူး။ ဝုန်း၊ဒိုင်းဖြစ်တော့လည်း သူတို့လန့်ကုန်ကြတာပေါ့ဗျာ။

မေး။     ။လေကြောင်းတိုက်ခိုက်မှုက ဘယ်သူက တိုက်တာလဲ။

ဦးဇော်လီအောင်။     ။ကျွန်တော်တို့က ကယ်ဆယ်ရေးဆိုတော့ သူတို့ ဆီအထိ သွားတာမဟုတ်တော့။ သူတို့ ပြောတာကတော့ လေကြောင်းကနေတိုက်ခိုက်တယ်တဲ့။ အပေါ်မှာ ရဟတ်ယာဉ်တွေဝဲနေတယ်။ ရဟတ်ယာဉ် တွေဝဲပြီးနောက်ပိုင်းမှာ လက်နက်ကျည်တွေကျလာတယ်တဲ့။ သူတို့က တပ်မတော်လို့လည်း မပြောဘူး။ သူတို့ က ရဟတ်ယာဉ်တွေ့တယ်။ ဗုံးတွေကျလာတယ်တဲ့။ သူတို့ဖြေတဲ့ အတိုင်းပဲ ကျွန်တော်ဖြေမယ်။ ဘာကြောင့် လည်းဆိုတော့ ဖြေမှား၊ဆိုမှားမယ်ဆိုရင်လည်း ကျွန်တော်တို့အတွက် သိပ်မကောင်းဘူးပေါ့နော်။ လေယာဉ် တွေက အများကြီးပျံဝဲနေတယ်တဲ့။ ဗုံးတွေက ဗုံး ဗုံး ဗုံး ဗုံး နဲ့ကျလာတယ် ဆိုပြီး သူတို့ပြောထားတယ်။

မေး။       ။  ပလက်ဝတိုက်ပွဲရှောင် ပြည်သူတွေအတွက် ဘာတွေပြင်ဆင်ပေးထားလဲ။

ဦးဇော်လီအောင်။       ။ ကျွန်တော်တို့ ဘယ်လိုစီစဉ်ဆောင်ရွက်ပေးထားလဲဆိုတော့ ကျွန်တော်တို့က fund မရှိဘူး။ ကျွန်တော်တို့ ဘယ်လိုလုပ်သလဲဆိုတော့ ကျွန်တော်တို့အသင်းအဖွဲ့က ဝန်ထမ်းတွေက ဒီနေ့ဆို ကားတစ်စီး ရောက်လာတယ်။ သူတို့ကို အကူညီတောင်းပြီး ထင်းရှာတယ်။ အိမ်သာတွေပြုလုပ်ပေးတယ်။ တာလပတ်တွေနဲ့။ စားဖို့၊သောက်ဖို့က အုပ်ချုပ်ရေးမှူးက  ဆန်အိတ် ၁၀၀လောက်တော့ လျာထားကြတယ်။ နေဖို့၊ထိုင်ဖို့အတွက် လိုအပ်တဲ့အရာတွေကို ကျွန်တော်တို့ ဝိုင်းဝန်းပြီးတော့ ပရဟိတ လူငယ်တွေက ကူညီ ဆောင်ရွက်ပေးတာရှိပါတယ်ခင်ဗျ။

မေး။      ။  အခုလက်ရှိမှာ ဘယ်အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ပေးနေတာလဲ။

ဦးဇော်လီအောင်။       ။အစိုးရဌာနတွေပါ ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေပါတယ်။ လူငယ်အဖွဲ့အစည်း တွေပါတယ်။ ဘာသာရေးခေါင်းဆောင်တွေ ပါတယ်။ ပြီးတော့ ကျွန်တော်တို့ဒေသမှာရှိတဲ့ လုပ်ငန်းရှင်ပုဂ္ဂိုလ် လေးတွေက အနည်းနဲ့အများ ကူညီဆောင်ရွက်မှုတွေ ပါဝင်ပါတယ် ။ မီးသတ်အဖွဲ့လည်း ပါပါတယ်။ကျွန်တော် တို့ဆီမှာ ကြက်ခြေနီမရှိဘူး။ ကျွန်တော်တို့အဖွဲ့အစည်းမှာက ကျွန်တော်တို့ လူ ၅၀၀ လောက် ဝေဠုကျော် ဖောင်ဒေးရှင်းမှာ ကြက်ခြေနီသင်တန်းတက်ခိုင်းတယ်။ နှစ်ပတ် လောလောဆယ် ဘာအထောက်အထားမှ မရှိ ပေမယ့် ကျွန်တော်တို့ အဖွဲ့ဝင် ၇၀၀လောက် ကူညီဆောင်ရွက်ပေးနေကြတယ်။

မေး။     ။ ဆမီးမြို့က ကူညီဆောင်ရွက်ပေးတဲ့နေရာမှာ ဘာအခက်အခဲတွေ၊ ဘာလိုအပ်ချက်တွေရှိနေလဲ။

ဦးဇော်လီအောင်။     ။ကျွန်တော်တို့လိုအပ်ချက်က ဆန်လိုတယ်။ ဆီလိုတယ်။ ငပိ၊ဆားလိုတယ်။ အစုံလို တယ်။ မြန်မာပြည်မှာ ဗိုင်းရပ်ကြောင့် နိုင်ငံတော်အစိုးရက ထုတ်ပြန်ချက်ထုတ်ထားတာ အများကြီး။ အခုလူစု လူဝေးဖြစ်တော့ မမျှော်လင့်ဘဲရောဂါ ဖြစ်လာနိုင်တယ်။ ဖြစ်နိုင်ရင်တော့ အိုးခွက်ပန်းကန်တွေစီစဉ်ပေးနိုင် ရင်တော့ သူတို့ကို မိသားစုလိုက် နေရာချထားပေးနိုင်ဖို့ အခက်အခဲရှိတယ်။ အစားအသောက်ကလည်း ကျွန် တော်တို့က အစိုးရကတော့ သုံးလစာပေးမယ်ပြောတာပဲ။ ဒါပေမယ့် လောလောဆယ်မြေပြင်မှာ ဘာမှ မရောက် သေးဘူး။ ကျွန်တော်တို့ အဝတ်အစားတွေရော၊စောင်တွေရော ဘာမှမပါလာသေးဘူး။ စောင်တွေလိုနေတယ်။ အိမ်သာ အဆင်မပြေဘူး။ မီးအဆင်မပြေဘူး။ မီးစက်ရှိတယ်။ဆီမရှိဘူး။ မီးချောင်းကအစ ဆမီးမြို့ပေါ်မှာ ဝယ် လို့မရတဲ့ အခြေအနေဖြစ်နေတဲ့အခါမှာ အဲဒါက ကျွန်တော်တို့အတွက် စိန်ခေါ်မှုကြီးကြီးမားမားဖြစ်ေနတယ်။ ရေသယ်ဖို့ ပုံးတွေက အစမရှိဘူး။ လူက ၂ထောင်ကျော်ဆိုတော့ မြို့ပေါ်လူဦးရေထက် များတဲ့အခါကြတော့ အများကြီး စိန်ခေါ်မှုတွေဖြစ်လာတယ်။

မေး။     ။ကိုရိုနာဗိုင်းရပ် Covid 19 ကာကွယ်ရေးအတွက်ရော ဘာတွေလုပ်ပေးထားတာရှိလဲ။

ဦးဇော်လီအောင်။      ။ကျွန်တော်တို့ဘက်မှာ ကိုရိုနာဗိုင်းရပ်နဲ့ ပတ်သက်ပြီး ဘာသတင်းအချက်အလက်မှ မရှိဘူး။ လောလောဆယ်တော့ လူတွေက အဲဒါကိုခေါင်းထဲကို မထည့်ဘူး။  လက်သန့်ဆေးရည်တို့၊ဘာတို့ ဘာမှလည်းမရှိဘူး။ တကယ့် ဝေးလံခေါင်ဖျားတဲ့နေရာဖြစ်တဲ့အပြင် ဘာကာကွယ်မှုမှ မရှိဘူးဗျ။ ဖြစ်နိုင်ရင် တော့ သူတို့အတွက်ကို လက်သန့်ဆေးရည်တွေ ချပေးထားနိုင်ရင်တော့ အကောင်းဆုံးပါ ခင်ဗျ။

မေး ။      ။ မြို့အတွက်ရော ဘာအခက်ခဲတွေရှိနေလဲ။

ဦးဇော်လီအောင်။    ။မြို့အတွက်က နံပါတ်တစ်က ဆန်၊ ကုန်သွယ်မှုမစီးဆင်းတာက၊ပိတ်ဆို့တာက ၂လနီး ပါးရှိသွားပြီ။ ဆန်ဝယ်လို့မရဘူး။ ဆန်ဝယ်ရင် ပြည်မြို့ပေါ်ကို တက်ဝယ်ရတယ်။ ဆီ၊ငါးပိ၊ ကျန်တဲ့ မီးဖိုဆောင် သုံးပစ္စည်း၊ ပြီးတော့လူသုံးကုန်ပစ္စည်း၊ အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်း၊ ဓာတ်ဆားတွေကအစ မြို့ပေါ် မှာ မရှိတဲ့အခါကျတော့ အဲဒါက မြို့ပေါ်အတွက် အခက်အခဲဆုံးဖြစ်နေတယ်။ မြို့အတွက်လည်း  စိုးရိမ်ရသလို တိုက်ပွဲရှောင်တွေအတွက် စိုးရိမ်ရတယ်။

မေး။     ။လက်ရှိမှာရော တိုက်ပွဲရှောင်တွေကို ဘာတွေကျွေးနေလဲ။

ဦးဇော်လီအောင်။     ။ ကျွန်တော်တို့ မနက်တိုင်း ထမင်းတစ်ခါကျွေးတယ်။ နေ့လည်ပိုင်းနဲ့ ညနေပိုင်း ထမင်း ကျွေးတယ်။ တစ်ချို့လည်း နေ့လည်ပိုင်းအတွက် မုန့်တွေလာလှူတာတွေရှိတယ်။ ကျွန်တော်တို့ကတော့ ကုလားပဲနဲ့ ဌက်ပျောပင်ကို ပြုတ်ပြီးတော့ကျွေးတယ်။ငရုတ်သီးထောင်းနဲ့။ အဲဒီလိုပဲ အသားလုံးဝမကျွေးနိုင် သေးဘူး။

မေး။      ။ အလှူရှင်တွေရောက်နေပြီလား။ အဆက်အသွယ်တွေရနေပြီလား။

ဦးဇော်လီအောင်။      ။ အလှူရှင်တွေကတော့ လုံးဝမရောက်သေးဘူးဗျ။ ဒါပေမယ့် ကလေးမြို့က အဖွဲ့ တစ်ဖွဲ့ကတော့ လူသုံးကုန်ပစ္စည်းနဲ့ လစဉ်သုံးပစ္စည်းအတွက် ကားတစ်စီးနဲ့ထွက်လာပြီပြောတယ်။ မရောက် သေးဘူး။ မနက်ဖြန်ရောက်မယ်ပြောတယ်ခင်ဗျ။ ကျန်တဲ့အဖွဲ့တွေကတော့ ကြားရသလောက်မြင်ရသလောက်တော့ ဘယ်အဖွဲ့မှ မလာသေးဘူး။

မေး။   ။ တိုက်ပွဲအတွင်း သေဆုံးတဲ့သူတွေ၊ ဒဏ်ရာရတဲ့သူတွေအတွက် ဘာတွေဆောင်ရွက်ပေးထားလဲ။ ဘယ်လိုထားထားသလဲ။

ဦးဇော်လီအောင်။    ။စစ်မြေပြင်မှာ သေဆုံးသွားတဲ့လူတွေကြတော့ ဆမီးမြို့ကို လုံးဝမရောက်တော့ဘူးပေါ့ နော်။ အစိုးရကပဲ ဆက်လက်ဆောင်ရွက်နေတယ်။ ဒဏ်ရာအပြင်းအထန်ရတဲ့သူတွေကြတော့ မတူပီကို ရောက် လာတယ်။ ဒဏ်ရာအပြင်းအထန်ရတဲ့သူတွေကြတော့ သက်ဆိုင်ရာဆရာဝန်တွေက တစ်ဆင့် မန္တလေးကို သုံးယောက်ရောက်တယ်။ မင်းတပ်ကို လေးယောက်ရောက်တယ်။ မတူပီမှာ ၁၉ဦးရောက်တယ်။ မတူပီက မြို့မိ ၊မြို့ဖတွေက ဝိုင်းဝန်းကူညီဆောင်ရွက်ခြင်းနဲ့ အခုကျန်းမာရေးအခြေအနေက တိုးတက်ကောင်း မွန်လာတယ်လို့ သိရပါတယ်ခင်ဗျ။

မေး။      ။ အခုလက်ရှိမှာ တိုက်ပွဲရှောင်လူဦးရေ ဘယ်လောက်ရှိလဲ။ ဘယ်ရွာတွေကလဲ။ ဘာလူမျိုးတွေလဲ။ ကျား၊ မ ဦးရေသိလို့ရမလား။

ဦးဇော်လီအောင်။   ။ ကျွန်တော်တို့မှာ လက်ရှိစာရင်းအရ ၂၂၆၅ယောက် ရှိနေပြီ။ ၂၂၆၅ယောက်မှာ ၁၅နှစ်အောက်ကလေးက ကျား ၃၆၇ဦး၊ မက ၃၇၂ဦး။ ပြီးတော့ ကိုယ်ဝန်ဆောင် ၂၄ဦး၊စုစုပေါင်း၂၂၆၅ ဦးမှာ မြို ပါတယ်။ ခူမီး ပါတယ်။ ကျားနဲ့မနဲ့ခွဲဖို့က အခုက ဘယ်လိုမှ လက်လှမ်းမမှီဘူး။ အကုန်လုံးကိုတစ်နေရာ တည်းစုထားတာ မဟုတ်ဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ်လာတာတွေလည်းရှိတော့ ဟိုအိမ်မှာ ဒီအိမ်မှာ ကပ်နေ တာတွေ လည်းရှိတယ်။ ဒီမှာ ရှိတဲ့ဟာတွေတောင်မှ ကျား၊မ ခွဲဖို့ စီစဉ်နေပါတယ်။ ၁၅နှစ်အောက်တွေတော့ ခွဲပြီးသွားပါပြီ

မေး။     ။ ထပ်မံဖြည့်စွက် ပြောချင်တာရှိပါသလား။

ဦးဇော်လီအောင်။    ။ ကျွန်တော်တို့ ဆမီးဆေးရုံမှာ ပတ်တီး၊ဆေးဝါးနဲ့ ဓာတ်ဆားက အရေးပေါ်လိုအပ်နေတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်လိုချင်တာက ကျန်းမာရေးဌာနက ဆမီးမှာရှိပေမယ့် IDP Camp တစ်၊နှစ်၊သုံး၊ လေး နေရာ မှာ ကျန်းမာရေးဌာနကို ခွဲပြီးဖွင့်စေချင်တယ်။ ဆေးဝါးပြည့်ပြည့်စုံစုံနဲ့ ဘာဖြစ်လို့လဲဆိုတော့ အခုပါလာတဲ့ ကလေးတွေနဲ့လူကြီးတွေမှာက ဝမ်းလျောဝမ်းပျက်တစ်ဖြေးဖြေးဖြစ်လာပြီ။ သူတို့ကို အရင်အတိုင်း ဆက်ထားမယ် ဆိုရင်တော့ မမျှော်လင့်တာဖြစ်လာနိုင်လို့ ကျန်းမာရေးဌာနက ကျန်းမာရေးဌာနခွဲတွေ ဖွင့်ပေးမယ်။ ဒီအတိုင်း လူစု၊လူဝေးနဲ့မထားဘဲ သီးသန့် IDP Camp လိုပုံစံမျိုးသီးသန့်ထားရင်  သူတို့အတွက် နေရေးထိုင်ရေးပြဿနာ ကို တစ်ထောင့်တစ်နေရာကနေ ပါဝင်ဖြေရှင်းပေးသွားနိုင်မယ်လို့ ပြောချင်ပါတယ်။