သက်တမ်းရင့် အာရှရန်ကုန်ဘဏ်အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လိုင်စင်ရုပ်သိမ်း

သက်တမ်းရင့် အာရှရန်ကုန်ဘဏ်အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လိုင်စင်ရုပ်သိမ်း

မတ်လ ၁၇။         ။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ်လုပ်ငန်းအဖြစ် ၁၉၉၄ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော အာရှရန်ကုန်ဘဏ်လီမိတက် ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ဘဏ်လုပ်ငန်း လိုင်စင် ရုပ်သိမ်းလိုက်ကြောင်း ၂၀၂၀ ခုနှစ် မတ်လ ၁၆ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အာရှရန်ကုန်ဘဏ်လီမိတက် အနေနဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်ခြင်းကြောင့် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ကို ၂၀၂၀ ပြည့်နှစ် မတ်လ ၁၆ ရက်နေ့ ညနေပိုင်းမှ စ၍ ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၄၀၊ ပုဒ်မခွဲ (စ) ပါ ငွေရေးကြေးရေး စနစ်တည်ငြိမ်ခိုင်မာမှုကို ထိန်းသိမ်းနိုင်ရန် ကြီးကြပ်ထိန်းကျောင်းခြင်း လုပ်ငန်းတာဝန်အရ ယင်းဥပဒေပုဒ်မ ၆၈ ပါ ပြဌာန်းချက် နှင့် အညီ ငွေရေးကြေးရေး အဖွဲ့အစည်းများ အား လိုင်စင်ထုတ်ပေးခြင်း၊ ငြင်းပယ်ခြင်း နှင့် ရုပ်သိမ်းခြင်း၊ လုပ်ငန်းခိုင်မာကောင်းမွန်စေရန် ကြီးကြပ်စစ်ဆေးခြင်း၊ ကြပ်မတ်ကွပ်ကဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

၂၀၂၀ ပြည့်နှစ် မတ်လ ၁၆ ရက်နေ့ ညနေပိုင်းမှ စ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အာရှရန်ကုန်ဘဏ်လီမိတက် အား အုပ်ချုပ်သူခန့်ထား၍ စီမံအုပ်ချုပ်သွားမည်ဖြစ်ပြီး ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများ အနေဖြင့် သက်ဆိုင်ရာ မြို့များရှိ အာရှရန်ကုန်ဘဏ်လီမိတက်၏ ဘဏ်ခွဲများ၌ ပုံမှန်ရုံးချိန်အတွင်း ငွေထုတ်ယူလိုပါက ထုတ်ယူနိုင်ရန် စီစဉ်ထားရှိကြောင်း ကြေညာချက်တွင် ထုတ်ပြန်ထားသည်။

အာရှရန်ကုန်ဘဏ်လီမိတက် ၏ ရုံးချုပ်ဘဏ်ခွဲကို ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် တွင် ဖွင့်လှစ်ထားပြီး ဘဏ်ခွဲများ အနေဖြင့် (၁) ဘုရင့်နောင်ဘဏ်ခွဲ (မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ပွဲရုံဝန်း)၊  (၂) လယ်ဝေးဘဏ်ခွဲ (ရန်ကုန်-မန္တလေးလမ်းမကြီး၊  လယ်ဝေးမြို့)၊ (၃) မန္တလေးဘဏ်ခွဲ (၈၃ လမ်း (၃၄လမ်း×၃၅လမ်း) ကြား၊ ချမ်းအေးသာစံမြို့နယ်)၊ (၄) တောင်ငူဘဏ်ခွဲ (၁၆ရပ်ကွက်၊ တောင်ငူမြို့)၊ (၅) မုံရွာဘဏ်ခွဲ (အေးသာယာရပ်ကွက်၊ မုံရွာမြို့)၊ (၆) မကွေးဘဏ်ခွဲ (ရန်မျိုးအောင်ရပ်ကွက်၊ မကွေးမြို့)၊ (၇) ပုသိမ်ဘဏ်ခွဲ (ရကအ(၄) နယ်မြေ၊ ပုသိမ်မြို့)၊ (၈) ပြည်ဘဏ်ခွဲ (ရွှေကူရပ်ကွက်၊ ပြည်မြို့) နှင့် (၉) မင်းဘူးဘဏ်ခွဲ (တမာတန်းရပ်ကွက်၊ မင်းဘူးမြို့) အစရှိသည့် ဘဏ်ခွဲလုပ်ငန်း ၁၀ ခု ဖွင့်လှစ်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် လက်ရှိတွင် ပြည်တွင်း ပုဂ္ဂလိကဘဏ်လုပ်ငန်း ၂၇ ခု နှင့် ပြည်ပ ဘဏ်ခွဲ ၁၃ ခု ခွင့်ပြုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly