ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ဆုဖလားကို လီဗာပူးလ်တို့ ရနိုင်ပါဦးမလား

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ဆုဖလားကို လီဗာပူးလ်တို့ ရနိုင်ပါဦးမလား
Photo: EPA

ပရီးမီးယားလိဂ်ကလပ်အသင်း (၂၀)ရဲ့ အဓိက ရှယ်ယာရှင်တွေဟာ လန်ဒန်မြို့အနောက်ပိုင်းမှာရှိတဲ့ ပရီးမီးယားလိဂ်ရုံးချုပ်မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင််းက အရေးပေါ် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေမှုကြောင့် ဘောလုံးပွဲတွေကို ဘယ်လိုဆက်လုပ်မလဲဆိုတာပဲ ဖြစ်ပါတယ်။

ကလပ်အသင်းတွေက ကစားသမားတွေ၊ နည်းပြတွေဆီမှာ ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ အနေအထားကို တွေ့ရပြီးတဲ့နောက် ပရီးမီးယားလိဂ်ဟာ လုံးဝကို အလန့်တကြား ဖြစ်သွားခဲ့ပါတယ်။ 

တာဝန်ရှိသူတွေရဲ့ ဆွေးနွေးမှုတွေ အပြီးမှာတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေကို (၃)ပတ် ရွှေ့ဆိုင်းဖို့ပဲ ဖြစ်ပြီး အဲဒီနောက်ပိုင်းရက်တွေမှာ ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်လို့ မနိုင်သေးဘူးဆိုရင် ဘောလုံးရာသီကို ဖျက်သိမ်းလိုက်ဖို့ ဆက်လက်စဉ်းစားသွားကြမှာပါ။

ဒီ ဆွေးနွေးပွဲဟာ လီဗာပူးလ်အတွက်တော့ တကယ့်ကို အဆင်မပြေခဲ့တာပါပဲ။ နှစ်ပေါင်းများစွာ ဝေးကွာနေရတဲ့ ပရီးမီးယားလိဂ်ဆုဖလားကို ရဖို့ သေချာပေါက်အနေအထားမှာမှ ဒီလို ဗိုင်းရပ်စ်ပြဿနာ ဖြစ်ခဲ့တာဟာ လီဗာပူးလ်ကစားသမားတွေနဲ့အတူ ပရိသတ်တွေကိုပါ စိတ်ညစ်နေစေခဲ့ပါတယ်။

ဒီ တွေ့ဆုံပွဲမှာ ပရီးမီးယားလိဂ်ရဲ့ တာဝန်ရှိသူအများစုနဲ့ ကလပ်အသင်းအချို့ရဲ့ ရှယ်ယာရှင်တွေက လိဂ်ပြိုင်ပွဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြီးဆုံးအောင် ဆက်လက်ကစားဖို့          ဆန္ဒရှိနေပြီး တကယ်လို့ ဗိုင်းရပ်စ်ကူးစက်မှုကို မထိန်းနိုင်သေးရင်တောင် ကွင်းပိတ်ကစားပြီး ရုပ်သံကနေ ဝင်ငွေရှာဖို့ ဆန္ဒရှိနေကြတာပါ။

ဒါပေမယ့် တချို့အသင်းတွေကတော့ ပြိုင််ပွဲကို ဒီရာသီအတွက် ရပ်နားလိုက်တာက အကောင်းဆုံးပဲဖြစ်ပြီး တန်းဆင်းရမယ့်အသင်းတွေ၊ ချန်ပီယံဖြစ်မယ့်အသင်းတွေကို မသတ်မှတ်ပဲ ဒီအတိုင်းထားလိုက်ဖို့ ဆန္ဒရှှိနေခဲ့ကြတာပါ။

ဒါပေမယ့်လည်း ဥရောပ ဝင်ခွင့်နေရာတွေ သတ်မှတ်ရတဲ့အခြေအနေမှာတော့ ပြဿနာတွေ ဖြစ်လာခဲ့ပြီး လက်ရှိအမှတ်ပေးဇယားရဲ့ အခြေအနေအတိုင်းထားဖို့ မဖြစ်နိုင်ဘူးလို့ ကန့်ကွက်သူတွေများခဲ့ပါတယ်။ အထူးသဖြင့် ဥရောပ ဝင်ခွင့်နဲ့ နီးစပ်နေတဲ့အသင်းတွေဖြစ်ပြီး ပရီးမီးယားလိဂ်အနေနဲ့ ပြိုင်ပွဲကို ပြီးဆုံးတဲ့အထိ ကစားရမယ်လို့ တွန်းအားပေးနေကြတာပါ။

နောက်ဆုံးမှာတော့ ပရီးမီးယားလိဂ်ရဲ့ တာဝန်ရှိသူတွေအပါအဝင် အသင်းရှယ်ယာရှင်တွေ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတာက ပရီးမီးယားလိဂ်ကို (၃)ပတ်ရပ်နားမယ်၊ အခြေအနေတွေ ထိန်းနိုင်ပြီဆိုရင် ပြန်ပြီး ကစားမယ်၊ တကယ်လို့ မထိန်းနိုင်ဘူးဆိုရင် ကွင်းပိတ်ကစားမယ် စတဲ့အဆင့်တွေပဲဖြစ်ပြီး တကယ်လို့ ဗိုင်းရပ်စ်ဟာ အဆိုးဆုံးအခြေအနေဖြစ်လာခဲ့မယ်ဆိုရင်တော့ ဒီတစ်ရာသီလုံးကို လက်ရှိအမှတ်ပေးဇယားအတိုင်း ရွှေ့ဆိုင်းလိုက်ဖို့ ဆုံးဖြတ်သွားခဲ့တာပါ။

ဗီလာအသင်း အမှုဆောင်ချုပ် ခရစ္စတီ ပါစလို ကတော့ ဒီအစည်းအဝေးကနေ စောစောပဲ ထွက်ခွာလာခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်ကို ပြီးဆုံးအောင် ကစားနိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေကို မရေမရာနဲ့ ဖြေဆိုသွားခဲ့ပါတယ်။

လက်ရှိဘောလုံးလောက ရဲ့ အခြေအနေကို ကြည့်ရင် ပရီးမီးယားလိဂ်၊ ချန်ပီယံရှစ်၊ စီးရီးအေ၊ လာလီဂါ၊ ဘွန်ဒက်စ်လီဂါ တို့ကို ဧပြီလ (၂၊၃၊၄)ရက်တွေမှာ ပြန်လည်စတင်ကြမှာဖြစ်ပြီး လီဂူး(၁)၊ စကော့တလန်ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်တို့က ဘယ်နေ့မှာ ပြန်စမလဲဆိုတာ မဆုံးဖြတ်ရသေးတဲ့ အနေအထားပါ။

ယူရို (၂၀၂၀) ပြိုင်ပွဲကိုဆိုရင် မတ်လ (၁၇)ရက်မှ ဆုံးဖြတ်ချက် ချကြမှာဖြစ်ပြီး ကိုပါအမေရိကပြိုင်ပွဲ ကျင်းပသင့် မကျင်းပသင့်ကိုတော့ ပြန်လည်ဆွေးနွေးနေကြဆဲသာ ရှိသေးပါတယ်။

ဒီအခြေအနေမှာ မိုးထဲရေထဲရောက်ခဲ့ရတာကတော့ (၁၉၉၀) ခုနှစ်ကတည်းက ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ဝေးကွာနေရတဲ့ လီဗာပူးလ်အသင်းပဲ ဖြစ်ပြီး သူတို့ ခက်ခက်ခဲခဲနဲ့ ကြိုးစားထားရသမျှဟာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ပြိုလဲသွားရနိုင်တဲ့အနေအထားကို ရောက်နေခဲ့တာပါ။

လီဗာပူးလ်အသင်းရဲ့ ပြိုင်ဖက်ပရိသတ်အများစုကလည်း လီဗာပူးလ်ရဲ့ အခြေအနေကို စာနာခဲ့ကြပြီး ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ရပ်ဆိုင်းလိုက်ရင်တောင်မှ လက်ရှိအမှတ်ပေးဇယား ရပ်တည်မှုအတိုင်း ချန်ပီယံသတ်မှတ်ပေးသင့််တယ်လို့ တိုက်တွန်းနေကြပါတယ်။

ကလော့ပ်အတွက်တော့ ချန်ပီယံလိဂ်ကနေလည်း နုတ်ထွက်ခဲ့ရပြီဖြစ်လို့ ဒီရာသီ ပရီးမီးယားလိဂ် ဖလားအတွက် ကိုရိုနာဗိုင်းရပ်စ်အပေါ်မှာသာ မူတည်နေပါတော့တယ်…။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly