မတ် ၁၃။ ။ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံတွင် ကျဆုံးခဲ့သည့် အမေရိကန်လေတပ်စစ်သည်များဟု ယူဆရသူများ၏ ကြွင်းကျန်ရုပ်အလောင်းများကို ယမန်နေ့ မတ်လ ၁၂ ရက်က မြန်မာနိုင်ငံကနေ အမေရိကန်သို့ ပြန်လည် သယ်ဆောင်ခဲ့ကြောင်း သိရသည်။
အမေရိကန်တာဝန်ရှိသူများသည် မြန်မာနိုင်ငံတွင် ပျောက်ဆုံးနေပြီး ရှာမတွေ့သေးသော စစ်သည် ၅၀၀ ခန့်ကို ဆက်လက်ရှာဖွေလျက်ရှိသည်။
မြန်မာနိုင်ငံသည် စစ်အတွင်း မဟာမိတ်တပ်များနှင့် ဂျပန်အကြား အဓိက စစ်မြေပြင်တစ်ခု ဖြစ်ခဲ့သည်။
ယခု ပြန်လည်သယ်ယူသော ကြွင်းကျန်ရုပ်အလောင်းများသည် လွန်ခဲ့သော ၁၉၄၄ ခုနှစ်က ဆားလင်းကြီးမြို့ မြောက်ဘက်တွင် ပစ်ချခံခဲ့ရသည့် B-25G လေယာဉ်မှ အမှုထမ်းခုနှစ်ဦးအနက် တစ်ချို့၏ ကြွင်းကျန်အလောင်း များဟု ယုံကြည်ရသည်။
လေယာဉ်အပျက်အစီးများကို လေယာဉ်ပျက်ကျပြီး နှစ်နှစ်အကြာ ပြန်ရှာတွေ့ခဲ့သော်ငြား ၂၀၁၉ ခုနှစ်ကျမှ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်အတွင်းကျဆုံးစစ်သည် ရှာဖွေရေး အေဂျင်စီ (DAPP) က အဆိုပါ ဒေသတွင် ဖြစ်နိုင်ဖွယ် ရုပ်ကြွင်းအလောင်းများကို ပြန်ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
မတ်လ ၁၂ ရက်တွင် အဆိုပါ ကျဆုံး စစ်သည်များကို ပြန်သယ်သည့် အခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့ပြီး အဖြူရောင်လက်အိတ်ဝတ် အမေရိကန် တပ်ဖွဲ့ဝင်များက ခေါင်းတလားများကို သယ်ဆောင်ပြီး အမေရိကန် C-17 စစ်လေယာဉ်ပေါ် တင်ဆောင်ခဲ့ကြသည်။
အဆိုပါ ကြွင်းကျန်အလောင်းများကို ဟာဝိုင်ယီ ဓာတ်ခွဲခန်းသို့ ပို့ဆောင်ပြီး နောက်ထပ် စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။
“ရဲစွမ်းသတ္တိရှိတဲ့ အမေရိကန်စစ်သည်တွေဟာ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်းနဲ့ စစ်ကိုင်းက မြစ်ကမ်းပါးဘေးတစ်နေရာမှာ အသက်စွန့်သွားခဲ့ကြရပါတယ်၊ ဒီကနေ့မှာ သူတို့ရဲ့ ဖြစ်နိုင် ဖွယ် အလောင်းတွေကို ပြန်သယ်တဲ့အချိန်မှာ သူတို့ရဲ့ မြင့်မြတ်တဲ့ တန်ဖိုးတွေကို ရည်စူးပြီး အမွှမ်းတင်ချင်ပါတယ်” ဟု ယခု မစ်ရှင် ဒုတိယအကြီးအကဲ ဂျော့ဂျ် ဆစ်ဘလေက ထုတ်ပြန်ပြောကြားသွားသည်။