ပအိုဝ်းအမျိုးသားများ ၂၁ ရာစု ပင်လုံညီလာခံတွင် ဆက်လက် ပူးပေါင်းနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်

ပအိုဝ်းအမျိုးသားများ ၂၁ ရာစု ပင်လုံညီလာခံတွင် ဆက်လက် ပူးပေါင်းနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်
ပုံ- နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ် (ပုံ-အတိုင်ပင်ခံရုံး)

ရန်ကုန်၊ မတ်လ ၈။               ။ ဒီမိုကရေစီ ဖက်ဒရယ် တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံ လုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားမျိုးနွယ်စု တစ်ခုဖြစ်သော ပအိုဝ်းတိုင်းရင်းသားများ ဆက်လက် ပူးပေါင်း ပါဝင်နိုင်ရန် မျှော်လင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် (၇၁)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့  နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည် ပေးပို့သည့် သဝဏ်လွှာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောထား ခြင်း ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ လက်ရှိ ခေတ်ကာလတွင်လည်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားပြီး ၂၁ ရာစု ပင်လုံ ညီလာခံတွင်လည်း ဒီမိုကရေစီ ဖက်ဒရယ် တည်ဆောက်ရေးအတွက် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်နေသည်ကိုလည်း ဝမ်းမြောက်မိသည်”ဟု ဆိုသည်။

သုဝဏ္ဏဘူမိ သထုံပြည်ကို စတင် တည်ထောင်ခဲ့သော သူရိယစန္ဒာမင်းကြီး၏ မွေးနေ့၊ မွေးရက်ဖြစ်သည့် တပေါင်းလပြည့် နေ့ကို အစွဲပြု၍ ပအိုဝ်းအမျိုးသားနေ့ အဖြစ် သတ်မှတ်ကာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကျင်းပခဲ့ကြောင်း သိရသည်။

၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း စတင် ကျင်းပသည့် အချိန်မှစပြီး ရေတွက်ကြည့်မည်ဆိုပါက ပအိုဝ်းအမျိုးသားနေ့ ကျင်းပခဲ့သည်မှာ  (၇၁)နှစ်မြောက်ရှိပြီ ဖြစ်သည်။

ပုံ - ပအိုင်းအမျိုးသားနေ့အခမ်းအနား

ပအိုင်းအမျိုးသားနေ့အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သည့် သဝဏ်လွှာ တွင် ပအိုဝ်းအမျိုးသားများသည် လွတ်လပ်ရေး ကြိုးပမ်းမှုတွင်လည်း စိတ်အားထက်သန်စွာ ပါဝင်ခဲ့ကြ သူများ ဖြစ်ပြီး လွတ်လပ်ရေး ကြိုးပမ်းမှု မှတ်တိုင် ဖြစ်သည့် ပင်လုံစာချုပ် လက်မှတ်ရေး ထိုးရာတွင်လည်း ပအိုဝ်းအမျိုးသား ခေါင်းဆောင်တစ်ဦး ဖြစ်သည့် သထုံစော်ဘွား ကိုယ်စားလှယ် ဦးဖြူသည် ပအိုင်ဝ်းတိုင်းရင်း သားများကိုယ်စား ပါဝင်ရေးထိုးခဲ့သည်ဟု ဆိုထားသည်။

ထို့ကြောင့် ပအိုဝ်း အမျိုးသားများသည် ယခင် ခေတ်အဆက်ဆက် ကတည်းက ပြည်ထောင်စုစိတ်ဓာတ် ရှင်သန် ထက်မြတ်သည်ကို တွေ့မြင်ရကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က  သဝဏ်လွှာ တွင် ပြောထားသည်။

တစ်မူးရှိလျှင် တစ်ပဲလှူတက်သော ပအိုဝ်းလူမျိုးတို့၏ အစဉ်အလာ အပါအဝင် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ဆက်လက် ထိန်းသိမ်းနိုင်ရန်၊ အနာဂတ် ဒီမိုကရေစီ ပြည်ထောင်စုသို့ လျှောက်လှမ်းရာတွင် တခြားသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့်အတူ လက်တွဲပြီး စည်းလုံးညီညွတ်စွာ ဆက်လက် ပူးပေါင်း ပါဝင်နိုင်စေရန် မျှော်လင့်ကြောင်း ဆုမွန်ကောင်းတောင်းလျက် သဝဏ်လွှာ ပေးပို့ခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ အစည်းအဝေးကို ၂၀၂၀ ခုနှစ် သင်္ကြန်မတိုင်မီ ကျင်းပနိုင်ရန် စီစဉ် လျက်ရှိကြောင်း တိုင်းရင်သား ခေါင်းဆောင်များက ဆိုသည်။

တချို့ကမူ မေလအတွင်းမှ ကျင်းပနိုင်မည့် အခြေအနေများလည်း ရှိနေကြောင်း ပြောနေကြသည်။

ပအိုဝ်းတိုင်းရင်းသားများသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး အပါအဝင် ဒေသများတွင် နေထိုင်လျက်ရှိကြသည်။

ပအိုဝ်းတိုင်းရင်းသားများအရေး ဆောင်ရွက်နေသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ခေါ် ပအိုဝ်း လက်နက်ကိုင်အဖွဲ့သည် NCA ကို ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက် တခြားသော လက်နက်ကိုင်များ ဖြင့် အတူ လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly