မော်ရင်ဟိုကို ရီးယဲလ်မက်ဒရစ်က ပြန်ခေါ်ချင်နေဟု သတင်းထွက်

မော်ရင်ဟိုကို ရီးယဲလ်မက်ဒရစ်က ပြန်ခေါ်ချင်နေဟု သတင်းထွက်

အောက်တိုဘာ ၃၁၊ လန်ဒန် ။             ။ ရီးယဲလ်မက်ဒရစ်အသင်းသည် နည်းပြဟောင်းမော်ရင်ဟိုကို ပြန်လည်ခေါ်ယူချင်နေသည်ဟု ဗြိတိန်ထုတ် မယ်ရာသတင်းစာက ဖော်ပြလိုက် သည်။

ယင်းမှာရီးယဲလ်မက်ဒရစ်ဥက္ကဋ္ဌဟောင်း ကယ်ဒါရွန်ထံမှထွက်ပေါ်လာခြင်းဖြစ်ပြီး စပိန်ထပ်သီးအသင်းကြီးအနေဖြင့် ဟာဇက်ကိုပါခေါ်ယူလို နေခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ရီးယဲလ်မက်ဒရစ်အသင်းနှင့်လွန်စွာနီးစပ်သော ဆက်ဆံရေးမျိုးရှိနေဆဲဖြစ်သည့် ကယ်ဒါရွန်က လက်ရှိဥက္ကဋ္ဌပီရက်ဇ်သည် နွေရာသီအပြောင်း အရွှေ့ကာလကတည်းကပင် မော်ရင်ဟိုကိုပြန်ခေါ်ချင်ခဲ့ပြီး ဘင်နီတက်ဇ်မှာ ၎င်းတို့၏ စတုတ္ထဦးစားပေးသာဖြစ်သည်ဟု ဆိုသည်။

မော်ရင်ဟိုသည် ရီးယဲလ်မက်ဒရစ်အသင်းကိုကိုင်တွယ်စဉ်က အဝတ်လဲခန်းအတွင်း အဆင်အပြေမှုများ၊ ဘာနေဗျူးကိုစွန့်ခွာရန် ဖိအားပေးမှု များကြုံခဲ့ပြီးနောက် ၂၀၁၃ တွင် သုံးနှစ်တာကိုင်တွယ်ခဲ့သည့် ရီးယဲလ်မက်ဒရစ်နှင့်လမ်းခွဲခဲ့သည်။

သို့သော် ကယ်ဒါရွန်က belN Sports နှင့်သီးသန့်တွေ့ဆုံစဉ် "တကယ်လို့ချယ်လ်ဆီးမှာ မော်ရင်ဟိုဆက်မနေနိုင်တော့ဘူးဆိုရင် ပီရက်ဇ်က မော်ရင်ဟိုကို ပြန်ခေါ်ချင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါကို ဒီနှစ်နွေရာသီတုန်းက သူကြိုးစားခဲ့ဖူးသေးတယ်။

မော်ရင်ဟိုကမလာချင် လို့ မအောင်မြင်ခဲ့တာ။ အကြောင်းပြချက်မျိုးစုံနဲ့ ငြင်းခဲ့တာပါ။ ပီရက်ဇ်က ဂျာမန်လက်ရွေးစင်အသင်းနည်းပြ ဂျိုအာချင်လိုး၊ ကလော့ပ်တို့ပြီးမှ ဘင်နီတက်ဇ်ကို ကြိုးစားခဲ့တာပါ။ ဘင်နီတက်ဇ်က ရီးယဲလ်ရဲ့စတုတ္ထဦးစားပေးဆိုတာ အမှန်ပါပဲ။

ပီရက်ဇ်ဟာ မော်ရင်ဟိုကို ကြိုးစားနေတုန်း ပဲလို့ ကျွန်တော်ထင်ပါတယ်။ သူက မော်ရင်ဟိုကို ကြိုက်တယ်။ မော်ရင်ဟိုပြန်မလာနိုင်ဘူးလို့ မပြောလိုဘူး။

တကယ်လို့သူချယ်လ်ဆီးမှာ အဆင်မပြေရင် ဘင်နီတက်ဇ်ကလည်း ဒီမှာဘာမှမလုပ်ပြနိုင်ရင် မော်ရင်ဟိုပြန်ရောက်လာမယ်ဆိုတာကို ကျွန်တော်မငြင်းလိုဘူး"ဟု ပြောသည်။

ထို့ပြင် ချယ်လ်ဆီးအသင်းတွင် ချန်လှပ်ခံနေရသော ဟာဇက်သည်လည်း လာမည့်နွေရာသီတွင် ရီးယဲလ်မက်ဒရစ်ခေါ်ချင်သည့် ကစားသမား စာရင်းတွင် ထိပ်ပိုင်းမှပါဝင်လာမည်ဟု ယုံကြည်ကြောင်း ကယ်ဒါရွန်က ဆိုခဲ့သည်။

Ref; mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly