ဝန်ထမ်းတစ်ဦး ကိုရိုနာ ကူးစက်တာကြောင့် ဖေ့ဘုတ်က လန်ဒန်နဲ့ စင်ကာပူက ရုံးတွေကို ပိတ်

ဝန်ထမ်းတစ်ဦး ကိုရိုနာ ကူးစက်တာကြောင့် ဖေ့ဘုတ်က လန်ဒန်နဲ့ စင်ကာပူက ရုံးတွေကို ပိတ်

စင်ကာပူက ဝန်ထမ်းတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားတာကြောင့် သန့်စင်ရှင်းလင်းရေးအတွက် လန်ဒန်ကရုံးနဲ့ စင်ကာပူက ရုံးတစ်စိတ်တစ်ပိုင်းကို ပိတ်ထားပြီဖြစ်ကြောင်း ဖေ့ဘုတ်ကုမ္ပဏီက သောကြာနေ့က ပြောပါတယ်။

အမေရိကန်နည်းပညာကုမ္ပဏီကြီး ဖေ့ဘုတ်ရဲ့ စင်ကာပူ Marina One ရုံးမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတစ်ဦး COVID-19 ခေါ် ကိုရိုနာဖြစ်ပွားတာဖြစ်တယ်လို့ ပြောခွင့်ရသူတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။

“သန့်စင်ရှင်းလင်းရေးအတွက် ကူးစက်ဖြစ်ပွားသူ ရောက်ရှိခဲ့ရာ ဧရိယာတွေကို ကျွန်တော်တို့ ချက်ချင်းပိတ်လိုက်တာဖြစ်တယ်။ ဝန်ထမ်းတွေကိုလည်း မတ် ၁၃ ရက်အထိ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ အကြံပေးထားတယ်။”လို့ ၎င်းက အီးမေးလ်ကတစ်ဆင့် ဆိုပါတယ်။

ဗိုင်းရပ်စ် ကူးစက်ခံရသူဟာ ဖေဖော်ဝါရီ ၂၄ ရက်ကနေ ၂၆ ရက်အတွင်းက လန်ဒန်က ရုံးကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

“ဒါကြောင့် လန်ဒန်ကရုံးကို တနင်္လာနေ့အထိ ပိတ်ထားမှာ ဖြစ်ပြီး ဝန်ထမ်းတွေအနေနဲ့ အိမ်ကနေပဲ အလုပ်လုပ်ရမှာ ဖြစ်တယ်။”လို့ ၎င်းပြောခွင့်ရသူက ဆိုပါတယ်။

ကိုရိုနာ ကူးစက်သူနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံခဲ့သူတွေကို တစ်သီးတစ်ခြားနေကြပြီး ရောဂါလက္ခဏာ ပြသလာမလာကို စောင့်ကြည့်ဖို့လည်း ပြောဆိုတိုက်တွန်းထားတယ်လို့ ဖေ့ဘုတ်ကုမ္ပဏီက ပြောပါတယ်။

ဖေ့ဘုတ်ကုမ္ပဏီဟာ ရှန်ဟိုင်းက ရုံးကိုလည်း နောက်ထပ် အကြောင်းမကြားမချင်း ပိတ်ထားတာဖြစ်ပြီး အီတလီနဲ့ တောင်ကိုရီးယားရုံးတွေက ဝန်ထမ်းတွေကိုလည်း အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝန်းမှာ နိုင်ငံပေါင်း ၉၁ နိုင်ငံမှာ ကူးစက်ပျံ့နှံ့နေပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း တစ်သိန်းကျော်ထက်မနည်းရှိပြီး လူ ၃၄၀၀ ကျော် သေဆုံးထားပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly