အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး UPDJC မှာ ဆုံးဖြတ်မည်ဟုဆို

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး UPDJC မှာ ဆုံးဖြတ်မည်ဟုဆို

မတ်လ ၆။               ။ NCA ရေးထိုးထားပြီး အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၏ ဒေသများတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး အခြေအနေနှင့် ပတ်သက်ပြီး မကြာခင် ကျင်းပ မည့် UPDJC အစည်းအဝေးတွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်(PC)ထံမှ သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းဝေးကို လာမည့် မတ်လ ၁၀ ရက်မှ ၁၂ ရက် အထိ နေပြည်တော်တွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါအစည်းအဝေးမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲများ ကျင်းပ နိုင်ရေးကို ဆုံးဖြတ်သွားရန် ရှိကြောင်း  သိရသည်။

PC ၏ အကြံပေး ဦးလှမောင်ရွှေက “၁၀ ရက်နေ့မှာ ကျွန်တော်တို့ UPDJC အစည်းဝေး နေပြည်တော်မှာ ရှိတယ်။ အဲဒါ တွေ ပြီးရင်တော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ၊ လုပ်ငန်းကော်မတီတွေ၊ ပြီးရင် ညီလာခံ အထိ ဆက်သွားမှာ ပေါ့။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဆွေးနွေးတာမျိုးကတော့ အခု UPDJC ရောက်မှပဲ အဆုံးအဖြတ်ပေးမှာပေါ့။ ”ဟု ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်ရေး ညှိနှိုင်းအစည်းအဝေး (JICM)၏ ၈ ကြိမ်မြောက် အစည်းအဝေးက သဘောတူညီမှု ရရှိထားသည့် အချက်များနှင့် ပတ်သက်ပြီး ၂၀၂၀ ခုနှစ်၊ မတ်လ ၆ ရက်မှ ၇ ရက်ထိ အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့မှ ကိုယ်စားလှယ် များ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေး ပြီးနောက် မတ်လ ၁၀ ရက်မှ ၁၂ ရက်တွင် UPDJC အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပ သွားမည်ဖြစ်ပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းကြမည်  ဖြစ် ကြောင်း သိရသည်။

ထို့နောက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ပြီး ၂၁ ရာစု ပင်လုံ အစည်းအဝေးကို ကျင်းပနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း PC အကြံပေး ဦးလှမောင်ရွှေက ပြောသည်။

အပစ်ရပ် ၁၀ ဖွဲ့မှ ဖွဲ့စည်းပေးထားသော ညှိနှိုင်းရေးအလုပ်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက မိမိတို့ အနေဖြင့် NCA ထိုးထားပြီး ဖြစ်သည့်အတွက် NCA စာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်ရန် တာဝန်ရှိကြောင်း မတ်လ ၆ ရက်က အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ညှိနှိုင်း အစည်းအဝေး အဖွင့်မိန့်ခွန်းပြောစဉ် ထည့်သွင်းပြောခဲ့သည်။

 “မိမိတို့ဟာ NCA စာချုပ်ကို လက်မှတ်ရေးထိုးပြီး ကတိကဝတ် ပြုထားပြီဖြစ်လို့ NCA အတိုင်း လိုက်နာဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။ ၂၁ ပင်လုံ စတုတ္ထအစည်းဝေးကို အောင်မြင်စွာ ကျင်းပပြီး NCA ရဲ့ ခိုင်မာတည်တံ့မှု၊ အရှိန်အဝါ၊ အနှစ် အရသာ၊ ယုံကြည်မှု၊ အပြန်အလှန် လေးစား အသိအမှတ်ပြုမှု၊ တန်းတူညီမှုတွေကို ဝိုင်းဝန်း ပြည်လည် ဖော်ထုတ်ရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောခဲ့သည်။

လက်ရှိတွင် NCA ရေးထိုးထားသော အပစ်ရပ် လက်နက်ကိုင် ၁၀ ဖွဲ့အနက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (လူမျိုး အလိုက်)ကို ရှမ်းတပ်ဖွဲ့ RCSS/SSA ၊ ရခိုင်တပ်ဖွဲ့ ALP တို့ ကျင်းပခွင့် မရသေးဘဲ ဖြစ်နေသည်။
ကျန်အဖွဲ့များမှာ မိမိတို့ ထိန်းချုပ် နယ်မြေများအတွင်းမှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ များကို ကျင်းပထားပြီး ဖြစ်သည်။

RCSS မှာ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ခြင်းမရှိသေးသည့်အတွက် ၂၁ ရာစု ပင်လုံ အစည်းအဝေးမှာ အဆိုတင်သွင်းမှုများ မပြုလုပ်နိုင်သည့် အခြေအနေများလည်း ရှိနေသည်။

ထိုသို့ မကျင်းပနိုင်ခြင်းကလည်း RCSS က ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ သို့မဟုတ် ပင်လုံမြို့မှာ ကျင်းပရန် မျှော်လင့်ထားရာ တပ်မတော်ဘက်က မိုင်းပန်မြို့၊ မုံးထ-မုံးထော်မြို့၊ နမ့်ပန်ခွန်မြို့တို့မှာသာ ကျင်းပရန် သဘောထား ပေးခဲ့ခြင်းကြောင့် ၂၀၁၇ ခုနှစ်ကတည်းက စတင်၍ ယနေ့ထိ မကျင်းပနိုင်သေးဘဲ ဖြစ်နေသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကြားဝင် စေ့စပ်ညှိနှိုင်းမှုဖြင့် လင်းခေးမြို့မှာ ကျင်းပရန် သဘောတူညီမှု ရခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယနေ့တိုင် မကျင်းပနိုင်သေးပေ။

အလားတူ ALP က ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် တောင်းဆိုခဲ့သော်လည်း တပ်မတော်နှင့်အစိုးရဘက်က နယ်မြေ အခြေအနေ မတည်ငြိမ်သည့်အတွက် ကျင်းပခွင့် မပြု ခဲ့ရာမှ ယနေ့ထိတိုင် မကျင်းပနိုင်သေးဘဲ ဖြစ်နေကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် အဆိုပါ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ(လူမျိုးအလိုက်)ကို NCA ပါ သဘောတူညီမှု အရ ဦးဆောင် ကျင်းပခွင့် ရထားပြီး ဒေသအလိုက်ကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ များက ဦးဆောင် ကျင်းပခွင့်ရှိသလို အကြောင်းအရာအလိုက်ကို အရပ်ဖက်အဖွဲ့အစည်းများ၊ လူမျိုးရေးအဖွဲ့အစည်းများ၊ NGO များက ဦးဆောင် ကျင်းပခွင့်ရှိကြောင်း သိရသည်။

လက်ရှိတွင် NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊  ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC )၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်း လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ ဖြစ်သည်။

ထိုအဖွဲ့များအနက် အများစုက  လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပထား ကြောင်း သိရသည်။

အဆိုပါ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ဒေသအတွင်းရှိ ပြည်သူလူထုများက ၎င်းတို့ ကြုံတွေ့ နေရသည့် အခက်အခဲများနှင့် ဖြစ်လိုသော ဆန္ဒများကို တင်ပြကြမည်ဖြစ်ပြီး အားလုံး၏ ဘုံရပ်တည် ချက်ကို ရယူကာ ၂၁ ရာစု ပင်လုံ အစည်းအဝေးသို့ တင်သွင်းကာ ဆွေးနွေးနိုင်ကြောင်း သိရသည်။

၂၁ ရာစုပင်လုံ အစည်းအဝေး စတုတ္ထအကြိမ်ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလကုန်ပိုင်း၌ ကျင်းပရန် ဆုံးဖြတ်ချက် ချထား ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly