အထည်ချုပ်အလုပ်သမားများ ဧပြီလအထိ အလုပ်ဆက်လုပ်နိုင်ရန် လုပ်ငန်းရှင်များ ကြိုးစားနေဟုဆို

အထည်ချုပ်အလုပ်သမားများ ဧပြီလအထိ အလုပ်ဆက်လုပ်နိုင်ရန် လုပ်ငန်းရှင်များ ကြိုးစားနေဟုဆို
Photo - EPA

ရန်ကုန်၊ မတ်၃။              ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှ ကုန်ကြမ်းမရရှိနိုင်ပါက အထည်ချုပ်စက်ရုံတချို့ ပိတ်သိမ်းရတော့မယ့် အခြေအနေနဲ့ရင်ဆိုင်နေရတာကြောင့် အလုပ်သမားတွေ ဧပြီလကုန်အထိ အလုပ် ဆက်လုပ်နိုင်ဖို့ အထည်ချုပ်လုပ်ငန်းရှင်အချို့က ကြိုးစားနေတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ဆိုသည်။

တရုတ်နိုင်ငံမှသုံးလနီးပါးတွင်တစ်ခါတင်ပို့နေသည့်ကုန်ကြမ်းများကိုမတ်လအတွင်းမရရှိပါက မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းအချို့ရပ်တန့်ပြီး အထည်ချုပ်အလုပ်သမားအချို့အလုပ်လက်မဲ့ဖြစ်မယ့် အခြေအနေနှင့်ရင်ဆိုင်နေရသည်။

လက်ရှိစက်ရုံများတွင် အလုပ်သမားများကိုအလုပ်အချိန်ပိုမခေါ်ယူတော့ဘဲ ကုန်ကြမ်းအရေအတွက် ရှိသလောက်ဖြင့်သာ ဧပြီလကုန်အထိ လုပ်ငန်းများလည်ပတ်နိုင်ဖို့ လုပ်ဆောင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က “စက်ရုံတော်တော်များများကဒီကုန်ကြမ်းပြတ်တဲ့ အခြေအနေကိုအလုပ်သမားတွေ အလုပ်ရဖို့ ဆွဲဆန့်ချင်တဲ့အခါကျတော့ ဧပြီလအထိအလုပ်လုပ်နိုင်အောင် အခုကစပြီးတနေ့ကိုအလုပ်ချိန် ၈နာရီနဲ့ အချိန်ပို ၂နာရီမှာ အချိန်ပို ၂နာရီကို လျော့လုပ်တဲ့ စက်ရုံတွေ တော်တော်များလာပြီ၊ စနေမှာပုံချိန်အလုပ်ချိန် ၄နာရီကို တစ်ရက်စာပေးပြီး နောက်၄နာရီကို နောက်တစ်ရက်စာထပ်ပေးတဲ့ စက်ရုံတော်တော်များများကလည်းစနေမှာလေးနာရီပဲလုပ်တော့ အလုပ်သမားတွေအတွက် တစ်ရက်စာနစ်နာသွားတယ်ပေါ့”ဟုပြောသည်။

မြန်မာနိုင်ငံရှိအထည်ချုပ်စက်ရုံများသို့ တင်ပို့နေသောအထည်ချုပ်လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ၏ ၈၀ရာခိုင်နှုန်းခန့်မှာဈေးနှုန်းသက်သာမှုကြောင့် တရုတ်နိုင်ငံမှ အများဆုံးမှာယူကြသည်။

လက်ရှိကုန်ကြမ်းပြတ်လပ်မှုကြောင့် လှိုင်သာယာစက်မှုဇုန်မှ ဟန်တာမြန်မာစက်ရုံ၊ Lucky Sky အိတ်စက်ရုံနှင့် ပဲခူးတိုင်းဒေသကြီးရှိဟွာမှုန်အထည်ချုပ်စက်ရုံတို့ ဖေဖော်ဝါရီလအတွင်းက စက်ရုံအပြီးပိတ်သိမ်းခဲ့ကြသည်။

Photo - EPA

ကုန်ကြမ်းပြတ်လပ်မှုများမှာ ဖေဖော်ဝါရီလလယ်ပိုင်းတွင်စတင်ခဲ့ပြီး ပိတ်သိမ်းသွားသောကုမ္မဏီများထဲတွင်နှစ်ခုမှာတရုတ်နိင်ငံသားပိုင်လုပ်ငန်းများဖြစ်ကြောင်းသိရသည်။

အချို့သောစက်ရုံများမှာအမှန်တကယ် ကုန်ကြမ်းပြတ်လပ်မှုမရှိသော်လည်းစက်ရုံရှိအလုပ်သမားသမဂ္ဂများကို ဖြိုခွင်းချင်သောကြောင့်ကုန်ကြမ်းမရှိသည်ကို အကြောင်းပြ၍စက်ရုံပိတ် သိမ်းသည်ဟုဆိုကာ အလုပ်သမား အသစ်များထပ်မံခေါ်ယူနေမှုများရှိနေသည်ဟုမြန်မာနိုင်ငံစက်မှု၊လက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ်က ဖေဖော်ဝါရီလ ၃ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စက်ရုံများတွင် ကုန်ကြမ်းပြတ်လပ်မှု အမှန်တကယ်ရှိ၊မရှိကိုအစိုးရကစိစစ်ပေးပြီးမှသာစက်ရုံများကိုပိတ်သိမ်းခွင့်ပြုသင့်ကြောင်း မြန်မာနိုင်ငံစက်မှု၊လက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ လက်ထောက်အတွင်းရေးမှူး ဦးနေလင်းအောင်ကပြောသည်။

၎င်းက“ကျွန်တော်တို့အဖွဲ့တွေထဲမှာလည်းအထည်ချုပ်စက်ရုံတွေ ရှိတယ် အဲ့စက်ရုံတွေမှာဆိုအိုတီ(အချိန်ပို)တွေ ခေါ်မြဲခေါ်နေတာပဲပေါ့နော် တချို့ဆို ၁၀နာရီထိခေါ်တယ်မတ်လကုန် ကုန်ကြမ်းပြတ်မယ်ပြောတာတွေရှိတယ် လေ့လာတွေ့ရှိချက်အရတော့ အဲ့လောက်အထိ ဖြစ်နိုင်မယ်မထင်ဘူးကိုရိုနာကိစ္စကအကြာကြီးဖြစ်လာမယ်ဆိုရင်တော့ ကုန်ကြမ်းပြတ်နိုင်တယ် အဲ့ဒါမျိုးဖြစ်လာရင်တော့ သေသေချာချာစစ်ဖို့ လိုတာပေါ့”ဟုဆိုသည်။

မြန်မာနိုင်ငံတွင်အထည်ချုပ်ကဏ္ဍ၌အလုပ်သမားဦးရေနှစ်သိန်းကျော်ရှိပြီးရန်ကုန်တိုင်းဒေသကြီးတွင်အထည်ချုပ်စက်ရုံ၃၀၀ကျော်၊အထည်ချုပ်အလုပ်သမားဦးရေ၁သိန်း၇သောင်းကျော်ရှိရာရန်ကုန်တိုင်းဒေသကြီးသည်အထည်ချုပ်စက်ရုံအများဆုံးတည်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ စာရင်းများအရသိရသည်။မြန်မာနိုင်ငံကအထည်ချုပ်လုပ်ငန်းတွင် တရုတ်နိုင်ငံသားရင်းနှီးမြုပ်နှံသူများ ၈၀ ရာခိုင် နှုန်းခန့်ရှိပြီး ကျန်လုပ်ငန်းရှင်များမှာကိုရီးယားနှင့် မြန်မာလုပ်ငန်းရှင်များသာများကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly