မတ် ၃။ ။ အင်ဒိုနီးရှားနိုင်ငံမှာ အလှုပ်ရှားဆုံး မီးတောင်တွေအနက် တစ်ခုဖြစ်တဲ့ မီရာပီ မီးတောင်ဟာ ယနေ့ မတ်လ ၃ ရက် အစောပိုင်းက ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
မီးတောင် ပေါက်ကွဲပြီးနောက် မီးခိုးပြာထုတွေဟာ လေထုထဲကို မီတာ ၆,၀၀၀ (ပေ ၂၀,၀၀၀) အမြင့်အထိ မှုတ်ထုတ်ခဲ့တယ်လို့လည်း သိရပါတယ်။
ယင်းအတွက်ကြောင့် မီးတောင် အနီးအနားမှာ ရှိတဲ့ ဧရိယာတွေမှာ မီးခိုးရောင် ပြာမှုန်တွေ ဖုံးလွှမ်းခဲ့သလို အနီးအနားက လေဆိပ်တစ်ခုကိုလည်း အရေးပေါ် ပိတ်ထားခဲ့ရပါတယ်။
သဲတွေ ရောနှောပါဝင်နေတဲ့ ပြာတွေဟာ မီးတောင်ကနေ ၁၀ ကီလိုမီတာ (၆ မိုင်) အကွာမှာ ရှိတဲ့ မြို့တွေပေါ်ထိ ကျရောက်ခဲ့ပါတယ်။
အဆိုပါ မီရာပီ မီးတောင်ကတော့ နိုင်ငံရဲ့ ယဉ်ကျေးမှု မြို့တော် ယိုဂျာကာတာရဲ့ အနီးမှာတည်ရှိတယ်လို့ သိရပါတယ်။
လက်တလောမှာ အာဏာပိုင်တွေဘက်ကတော့ လှုပ်ရှားနေတဲ့ မီးတောင်ရဲ့ အန္တရာယ် သတိပေးချက် လယ်ဗယ်ကို တိုးမြှင့်ခြင်း မရှိခဲ့ဘဲ မီးတောင်အနီး ဆူရာကာတာ မြို့ရဲ့ နိုင်ငံတကာ လေဆိပ်ကိုတော့ ယာယီ ပိတ်ထား ခဲ့ရပါတယ်။
ဒါ့အပြင် မီရာပီ မီးတောင်အနီးဝန်းကျင် ၃ ကီလိုမီတာအကွာမှာ လူမသွားရ ဇုန်တစ်ခု သတ်မှတ်ပြီး ယင်းဧရိယာထဲ မဝင်ကြဖို့ ဒေသခံတွေကို အာဏာပိုင်တွေက သတိပေးထားပါတယ်။
မီရာပီ မီးတောင်ကတော့ လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်တုန်းက အဓိက ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ခဲ့ပြီး လူပေါင်း ၃၀၀ လောက် သေဆုံးခဲ့ရပါသေးတယ်။