“ဦးတင်ဦးကို တပ်မတော်နေ့အခမ်းအနားတက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်မှ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးထား”

“ဦးတင်ဦးကို တပ်မတော်နေ့အခမ်းအနားတက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်မှ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးထား”

ဖေဖော်ဝါရီ ၂၈။           ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကဦးတင်ဦး (ကာကွယ်ရေးဦးစီးချုပ်ဟောင်း )အနေဖြင့် တပ်မတော်နေ့အခမ်းအနားတက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်မှ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ပေး ထားကြောင်း သိရသည်။

ဦးတင်ဦး၏ အနားတွင် အနီးကပ်နေထိုင်သူဦးမြင့်ဦးက “အန်တီကိုယ်တိုင်က သူ့ဆန္ဒအတိုင်း လုပ်ပေးဖို့ ခွင့်ပြုပြီးသား။ သူ့ဆန္ဒအတိုင်းလုပ်ရတာ။ အန်တီကို အသိပေးရတာတော့ ရှိတာပေါ့။ တရားဝင်ဖိတ်စာလာမှပဲ သူ့ဆန္ဒအတိုင်းဆောင်ရွက်ပေးရမှာ” ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏နာယကဦးတင်ဦး (ကာကွယ်ရေးဦးစီးချုပ်ဟောင်း) ကို ၎င်း၏ သဘောဆန္ဒအတိုင်းအခမ်းအနားများတက်ရောက်ခွင့် ဒေါ်အောင်ဆန်းစုကြည်က ပေးထားပြီးဖြစ်သောကြောင့် တပ်မတော် နေ့ အခမ်းအနားတက်ရောက်ခွင့်သည်လည်း ဦးတင်ဦး၏ သဘောဆန္ဒအတိုင်းသာ ဆုံးဖြတ်မည်ဖြစ်ကြောင် းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ရက်က အသက်(၉၃)နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟောင်း(ကာကွယ်ရေးဦးစီးချုပ်ဟောင်း) သူရဦးတင်ဦးနေထိုင်သည့် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားရပ်ကွက်ရှိနေအိမ်သို့ တပ်မတော်ဘက်က အရာရှိ အချို့ လာရောက်ကာ  မတ်လ၂၇ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်မည့် (၇၅) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ တက်ရောက်နိုင်ခြင်းရှိမရှိ လာရောက်မေးမြန်းခဲ့သည်။

“သူတစ်ယောက်တည်း မဟုတ်ဘူး။ ကျန်တဲ့ ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးဟောင်းတွေ အရင်တုန်းအငြိမ်းစားတွေ အကုန်ပါတယ်။ သူတို့စာရင်းထဲမှာ လူ၈၀လောက်ပါတယ်။”ဟု ဦးမြင့်ဦးက ဆိုသည်။

တရားဝင်ဖိတ်ကြားစာ ရင်ထိုးနှင့် အခြားအစီအစဉ်များ (အခမ်းအနားတက်ရောက်ရန်စီစဉ်ထားသည်များ) ရောက်ရှိလာခြင်း မရှိသေးကြောင်းကိုလည်း ဦးမြင့်ဦးက ဆိုသည်။

“ဖိတ်စာမလာသေးဘူး။ ကမ်းလှမ်းတာပဲ လာသေးတယ်။ တရားဝင်ဖိတ်စာ မလာသေးဘူး။ဟိုတစ်နေ့က တက်နိုင်မတက်နိုင် သဘောထား လာတောင်းတာပဲရှိသေးတယ်။သူ့တို့ဖိတ်မယ့် စာရင်းထဲရေးထားတာပဲရှိသေးတယ်။ သူတို့ သဘောထားလာတောင်းတာ တက်နိုင်မတက်နိုင်။ ဒါပေမယ့် တက်နိုင်တယ်လို့ပြောထားတယ်။ တက်နိုင်တယ် ပြောထားပေမယ့် ကျန်းမာရေးအခြေအနေက ရှိသေးတယ်။”ဟု ပြောသည်။

သူရဦးတင်ဦး၏ အနီးကပ်နေထိုင်သူတစ်ဦးဖြစ်သည့် ဦးမင်းအောင်ညိုကလည်း ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ၇ဦးကို တပ်မတော်နေ့အခမ်းအနားသို့ ဖိတ်ကြားမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖေဖော်ဝါရီ ၂၂ရက်က မီဒီယာ တချို့တွင် ဖြေကြားထားသည်။

ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးသည် ၁၉၄၃ခုနှစ်တွင် တပ်မတော်သို့ ဝင်ရောက်ခဲ့ပြီး တပ်တွင်းအဆင့်မြှင့်ဘွဲ့ထူးဖြစ်သည့် သူရဘွဲ့ချီးမြှင့်ခံခဲ့ရသည်။ ၁၉၇၄ ခုနှစ် မတ်လ ၈ရက်တွင် ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ခံရကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ထို့နောက် ၁၉၇၆ ခုနှစ်တွင် တပ်ချုပ်ရာထူးမှ အနားပေးခြင်းခံခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required