အုပ်ချုပ်ရေးမှူးကို အရေးယူပေးရန် ဆန္ဒထုတ်ဖော်

အုပ်ချုပ်ရေးမှူးကို အရေးယူပေးရန် ဆန္ဒထုတ်ဖော်
(ဓာတ်ပုံ -အောင်ကိုဦး/မဇ္ဈိမ)

မန္တလေး၊ ဖေဖော်ဝါရီ ၂၆။        ။ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ငါးလုံးတင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား အရေးယူပေးရန် ဒေသခံ တစ်ချို့က ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၉ နာရီက ချောင်းဦးမြို့တွ င် ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။

ငါးလုံးတင်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးသည် ရပ်ကျေး အုပ်ချူပ်ရေးမှူး ဥပဒေကို ကျော်လွန်၍ လုပ်ကိုင် ဆောင်ရွက်နေခြင်း ကျေးရွာမီးလင်းရေးကိစ္စနှင့်ပတ်သက်၍ စာရင်းရှင်းလင်းပေးမှု မရှိခြင်း ကျေးရွာ ဖွံ့ဖြိုးရေး တံတားကို ပြီးစီးအောင် ဆောင်ရွက်မပေးခြင်းတို့အတွက် ငါးလုံးတင်ကျေးရွာအုပ်စုမှ ငလုံးတင်ကျေးရွာ ဆင်မြေကျေးရွာ မထိသာကျေးရွာတို့မှ ဒေသခံတစ်ချို့က ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

"ရပ်ကျေး အုပ်ချုပ်ရေး ဥပဒေကို ချိုးဖောက်ပြီး လုပ်ကိုင်နေတဲ့ အတွက် ရပ်ရွာနစ်နေပါတယ်။မြို့နယ်ကိုတိုင်တော့လည်း အရေးယူမပေးဘူး။ဒါကြောင့် ဒီနေ့ အခုလို ဆန္ဒပြရတာပဲ"ဟု ဆန္ဒပြပွဲ ဦးဆောင်သူ ဦးနိုင်မိုးဦး ကပြောသည်။

အဆိုပါ အုပ်စု အုပ်ချုပ်ရေးမှူ းသည် အစိုးရမှ ကျေးရွာ ဖွံ့ဖြိုးရေးအတွက် တံတားတည်ဆောက်ရန် ချထားပေးသည့် ငွေများကို သုံးစွဲထားခြင်း စိုက်ပျိုးစရိတ် ချေးငွေများမှ တစ်ဦးကို ၅၀၀ ကျပ်ဖြတ်ယူနေခြင်းနှင့် လျှပ်စစ် မီးလင်းရေး စာရင်းရှင်းတမ်းတို့ မပြုလုပ်ခြင်းကို ကျေနပ်မှု မရှိခြင်းကြောင့် ဦးဆောင် ဆန္ဒပြရခြင်းဖြစ်သည်ဟု ဦးနိုင်မိုးဦးကဆိုသည်။

ဆန္ဒပြသူများသည် ချောင်းဦးမြို့နယ် အားကစားကွင်းမှစတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးဌာန ရှေ့အထိ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးအား အရေးယူ ပေးရေး နိုင်ငံတော်မှ ချထားပေးသော ဖွံ့ဖြိုးရေးတံတား ငွေအား ကိုယ်ကျိုးအတွက် အသုံးပြုသည့် အုပ်ချုပ်ရေးမှူးအား ဖြုတ်ပေးရေး တို့အရေးဟု ကြွေးကြော်ချီတက်ခဲ့ကြသည်။

၎င်းအုပ်ချုပ်ရေးမှူး ကို တစ်ပတ်အတွင်း အရေးယူပေးခြင်းမရှိပါက စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ရုံးရှေ့တွင် ထပ်မံဆန္ဒပြ တောင်းဆိုသွားမည်ဟု ဦးနိုင်မိုးဦးကဆိုသည်။

ယခုကဲ့သို့ ဆန္ဒပြတောင်ဆိုနေမှုများနှင့်ပတ်သက်၍ ချောင်းဦးမြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူးက "တံတား ကိစ္စက ကြာပါပြီ ကျွန်တော်တို့ နှစ်ကြိမ်တောင်စစ်ဆေးပြီးပါပြီ။ကျေးရွာ တံတားတည်ဆောက်ရေးကော်မတီနဲ့ ညှိုနှိုင်းသုံးစွဲတယ်လို့သိရပါတယ်။နောက်တစ်ခုက စိုက်/ဘဏ် ချေးငွေကိစ္စကောက်တယ်ဆိုတာကိုလည်း ကျွန်တော်တို့အဖွဲ့ ဖွဲ့ပြီး စစ်ဆေးနေပါတယ်။"ဟု ပြောသည်။

၎င်းကျေးရွာမှ တိုင်ကြားထားသည့် တိုင်ကြားစာမှန်သမျှကို စုံခုံဖွဲ့ စစ်ဆေးလျှက်ရှိသည်ဟုလည်း မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူးကဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly