သရုပ်ပျက်ဝတ်စားသည်ဟု ဝေဖန်မှုအပေါ် မြန်မာ့လက်ရွေးစင်ကာယကြံ့ခိုင်မှု အားကစားမယ် ပြန်လည်ရှင်းလင်း

သရုပ်ပျက်ဝတ်စားသည်ဟု ဝေဖန်မှုအပေါ် မြန်မာ့လက်ရွေးစင်ကာယကြံ့ခိုင်မှု အားကစားမယ် ပြန်လည်ရှင်းလင်း

 ဖေဖော်ဝါရီ ၂၀ ။               ။ ပြိုင်ပွဲဝင် ဝတ်စုံဖြင့် ကာယကြံ့ခိုင်မှု သရုပ်ပြခဲ့သည့်အပေါ် သရုပ်ပျက် ဝတ်စားသည်ဟု လူမှုကွန်ယက်တွင် ဝေဖန်ခံရသောကြောင့် ကာယကံရှင် မြန်မာ့လက်ရွေးစင် ကာယကြံ့ခိုင်မှု အားကစားမယ် မီမီကျော်နိုင်နှင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များက သတင်းစာ ရှင်းလင်းမှု တစ်ရပ်ပြုလုပ်ခဲ့သည်။

ကာယဗလနှင့် ကြံ့ခိုင်မှု အားကစားသည် Sexy မော်ဒယ်ပုံစံမျိုးနှင့်မတူကြောင်း သိစေချင်သည်ဟု မြန်မာ့ လက်ရွေးစင် ကာယကြံ့ခိုင်မှု အားကစားမယ် မီမီကျော်နိုင်က ပြောသည်။

“တင်လိုက်တဲ့လူက ဒီဓာတ်ပုံလေး တစ်ခုကိုပဲ၊ နောက်ပြီးတော့ နေရောင်ကို အံမတုနိုင်တဲ့ ဖုန်းကင်မရာမျိုးနဲ့ ရိုက်လိုက်တာ။ အဲ့တော့ ကြွက်သားတွေ မပေါ်ဘဲနဲ့ အားကစားသမား တစ်ယောက် ပုံစံ မ ဖြစ်ဘဲနဲ့ ဒီပြိုင်ပွဲဝင် ဝတ်စုံကြောင့်ရော Sexy Model ပုံစံမျိုးပေါ့။ ဓာတ်ပုံနဲ့ ရည်ညွန်းစာ အမျိုးမျိုးကြောင့်ရော အခုလို ပြန်လည် ရှင်းလင်းတာပါ။  ညီမသိစေချင်တာက ညီမတို့ အားကစားက Sexy လိုင်း နဲ့လည်း မတူဘူးဆိုတာကိုလည်း သိစေချင်ပါတယ်။ ညီမ ဗလညစ် ပြနေတာကို ပွဲကလူတွေ အကုန်လုံးလည်း သိပါတယ်။ ဒါပေမယ့် ရှုထောင့် တစ်နေရာကနေ တင်ပြီးတော့ ကပ်ပရှင် အမျိုးမျိုးနဲ့ဆိုတော့ အထင်လွဲစရာတွေ ဖြစ်ကုန်တာပါ” ဟု ၎င်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ အထိမ်းအမှတ် ပွဲကို ဖေဖော်ဝါရီ ၁၂ ရက် က ပြုလုပ်ခဲ့ရာ ဟင်္သာတမြို့ ရွှေအားမာန် ကာယဗလအသင်းက မီမီကျော်နိုင် အပါ အဝင် တခြား မြန်မာ့လက်ရွေးစင် ကာယဗလ မောင်မယ်တချို့ကို ဖိတ်ခေါ်ကာ ပြည်ထောင်စု မောင်မယ်ပွဲကို ထည့်သွင်း ကျင်းပခဲ့သည်။

အဆိုပါ ကာယကြံ့ခိုင်မှု သရုပ်ပြရာမှာ သရုပ်ပျက် အဝတ်အစားများ ဝတ်ကာ ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ကို ပုံဖျက်သည်ဟု ဆိုရှယ်လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ဝေဖန်မှုများ ခံခဲ့ရသည့်အတွက်
ထို ဝေဖန်ခံရမှုများနှင့်ပတ်သက်ပြီး ဟင်္သာတမြို့ ပြည်ထောင်စု မောင်မယ်ပွဲတွင် ပါဝင်သရုပ်ပြခဲ့သော မြန်မာ့ လက်ရွေးစင် အားကစားသမားများနှင့် ပွဲကျင်းပရေး တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂ဝ ရက်တွင် ရန်ကုန်မြို့၊ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးမှာ လာရောက်၍ သတင်းစာ ရှင်းလင်းမှု တစ်ရပ် ပြုလုပ်ခဲ့သည်။

ဟင်္သာတမြို့တွင် ကာယဗလ မောင်မယ်ပြိုင်ပွဲများ ကျင်းပလေ့ရှိပြီး ကာယဗလနှင့် ကြံ့ခိုင်မှု အားကစားတွင် နိုင်ငံ့ လက်ရွေးစင် အမျိုးသား အားကစားသမားများ မွေးထုတ်ပေးနိုင်ခဲ့သော်လည်း အမျိုးသမီး အားကစား သမားများ မရှိသေး သောကြောင့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အားကစားသမားများကို ပါဝင်သရုပ်ပြပေးရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး သရုပ်မပြသခင်တွင်လည်း ပရိသတ်ကို အဆိုပါ အားကစားအကြောင်း ကြိုတင် ရှင်းပြခဲ့ ကြောင်း ရွှေအားမာန်အသင်း၊ အတွင်းရေးမှူး ဦးဇော်ထွန်းအောင်က ပြောသည်။

ကာယကြံ့ခိုင်မှု သရုပ်ပြရာတွင် သတ်မှတ်ထားသော ဝတ်စုံဖြင့် ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြီး နိုင်ငံ့လက်ရွေးစင် ဖြစ်လာသောကြောင့် ဝတ်စုံကြောင့် မြို့ကို သိက္ခာကျစေသည်ဟု ပြောဆိုနေမှုများကို ဆင်ခြင်စေလိုကြောင်း  ကာယကြံ့ခိုင်မှု အားကစားမယ် မီမီကျော်နိုင်က ပြောသည်။

“ညီမပြောချင်တာ ညီမက ဒီဝတ်စုံ ဒီပုံစံမျိုးနဲ့ပဲ ညီမက နိုင်ငံတစ်နိုင်ငံလုံးရဲ့ အသိအမှတ်ပြု နိုင်ငံ့အလံကို ဒီဝတ်စုံမျိုးနဲ့ ခြုံလာတာဖြစ်တဲ့အတွက် သူတို့မြို့ကို ဒီဝတ်စုံကြောင့် သိက္ခာကျစေတယ်ဆိုတဲ့ ပုံစံမျိုး မပြောစေ ချင်ပါဘူး၊ ဆင်ခြင်စေချင်ပါတယ်” ဟု ၎င်းက ပြောသည်။

Photo - Meme Kyawnaing

ကာယကြံ့ခိုင်မှု အားကစားမယ် မီမီကျော်နိုင်သည် ၂ဝ၁၅ ခုနှစ်က စတင်ပြီး ကာယဗလနှင့် ကြံ့ခိုင်မှု ပြိုင်ပွဲများ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်များလည်း ရရှိခဲ့သည်။

ထိုသို့ အဆင့်ဆင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တိုင်းလက်ရွေးစင်၊ ပြည်နယ်နှင့် တိုင်းချန်ပီယံနှင့် မြန်မာ့ လက်ရွေး စင် ဖြစ်လာခဲ့သည်။ ၂ဝ၁၉ ခုနှစ်၊ ၁၆ ကြိမ်မြောက် အရှေ့တောင်အာရှ ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး စတုတ္ထနေရာကို ရရှိခဲ့သူလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly