မက္ကဆီကိုတွင် အမျိုးသမီးများသတ်ဖြတ်ခံရမှုကို အမျိုးသားနန်းတော်ပြင်ပ၌ ဆန္ဒပြ

မက္ကဆီကိုတွင် အမျိုးသမီးများသတ်ဖြတ်ခံရမှုကို အမျိုးသားနန်းတော်ပြင်ပ၌ ဆန္ဒပြ

ဖေဖော်ဝါရီ ၁၉ ။              ။  မက္ကဆီကိုတွင် ပြီးခဲ့သည့်ရက်သတ္တပတ်က ခုနစ်နှစ်အရွယ်မိန်းကလေးတစ်ဦး အသတ်ခံရမှုဖြစ်ပွားပြီးနောက် ယမန်နေ့က ဒါဇင်နှင့်ချီသော အမျိုးသမီးလူအုပ်ကြီးသည် အမျိုး သမီးများအကြမ်းဖက်ခံရမှုကို ဆန့်ကျင်သည့်အနေဖြင့် အမျိုးသားနန်းတော် အဆောက်အဦ၏ အုတ်နံရံများကို ရောင်စုံဆေးများမှုတ်ကာ စုဝေးဆန္ဒပြခဲ့ကြသည်။

အဆိုပါမိန်းကလေးငယ်သည် ဖေဖော်ဝါရီ ၁၁ ရက်က ကျောင်းသွားရာမှ ပျောက်သွားခဲ့ခြင်းဖြစ်ပြီး ၄ ရက်အကြာတွင် နှိပ်စက်သတ်ဖြတ်ခံထားရသည့်ပုံစံဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ ကြခြင်း ဖြစ် သည်။ ထိုအချိန်မှစ၍ မိန်းကလေးငယ်၏ကျောင်း၊ အသုဘအခမ်းအနားနှင့် လူမှုမီဒီယာတို့ပေါ်တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

အမျိုးသမီးများအား ရာဇဝတ်မှုကျူးလွန်မှုများနှင့် အကြမ်းဖက်မှုများအပေါ် ပြစ်ဒဏ်မှကင်းလွတ်ပေးခြင်းများကို အဆုံးသတ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ဆန္ဒပြသူများက အမျိုးသမီးများကို သတ်ဖြတ်ခြင်းသည် နိုင်ငံတော်ရာဇဝတ်မှုဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို အဆုံးသတ်ဖို့ သမ္မတ လိုပက်ဇ်အိုဘရာဒိုအနေဖြင့် တာဝန်ယူရမည်ဖြစ် ကြောင်း၊ လျစ်လျူမရှုစေလိုကြောင်း အော်ဟစ်ဆန္ဒပြခဲ့ကြကာ သေဆုံးသူ မိန်းကလေးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် တစ်မိနစ်ငြိမ်သက်ကာ ဆုတောင်းပေးခဲ့ကြသည်။

သမ္မတအိုဘရာဒိုသည် လူသတ်မှုအပေါ် အာဏာပိုင်များ၏ တုံ့ပြန်မှုကို ကာကွယ်ပြောဆိုခဲ့ပြီး အမျိုးသမီးများသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ဖြေရှင်းပေးမည့် အထူးအမှုလိုက်ရှေ့နေရုံး ဖွဲ့စည်းရေးကို လည်း တားမြစ်သွားမည်မဟုတ်ကြောင်း ပြောသည်။

မိန်းကလေးငယ်အား ပြန်ပေးဆွဲ သတ်ဖြတ်သွားသူများနှင့်ပတ်သက်၍ သတင်းအချက်အလက်ပေးနိုင်သူကို ဆုငွေ ပီဆို ၂ သန်း (အမေရိကန်ဒေါ်လာ ၁၀၇ ၀၀၀) ပေးအပ်သွားမည်ဖြစ်ကြောင်း ဌာနေ အမှုလိုက်ရှေ့နေရုံးက ယမန်နေ့က ထုတ်ပြန်ထားသည်။

တရားဝင် ကိန်းဂဏန်းများအရ မက္ကဆီကို၌ ၂၀၁၉ ခုနှစ်အတွင်း မိန်းကလေးငယ်နှင့် အမျိုးသမီးပေါင်း ၁၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီး သည့်ထက်ပင် အရေအတွက်ပိုများနိုင်ကြောင်း ကျွမ်းကျင် သူများ က သုံးသပ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly