ဖေဖော်ဝါရီ ၁၇ ။ ။ ဟောင်ကောင်မှာ ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းတုန်းက ဓားကိုင်ဆောင်ထားတဲ့ အမျိုးသားသုံးယောက်က စူပါမားကတ်တစ်ခုကနေပြီးတော့ အိမ်သာသုံးစက္ကူလိပ်ပေါင်း ရာနဲ့ချီ ကို ခိုးယူထွက်ပြေးသွားခဲ့ကြောင်း သိရပါတယ်။
ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအပေါ် စိုးရိမ်မှုတွေ ရှိနေချိန် ဟောင်ကောင်မှာ အိမ်သာသုံးစက္ကူ အပါအဝင် အခြေခံသုံးကုန်ပစ္စည်းတွေကို အလုအယက် ဝယ်ယူမှုတွေ ရှိနေပြီး ပစ္စည်းပြတ်တောက် ရှား ပါးမှုတွေလည်း ဖြစ်ပေါ်နေချိန်မှာ ယခု ဖြစ်စဉ် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို အခြေခံ လူသုံးကုန်ပစ္စည်းတွေ ပစ္စည်းမပြတ်လပ်ဖို့ အာဏာပိုင်တွေဘက်က အာမခံပေးထားတယ်ဆိုပေမယ့်လည်း စီးပွားရေးဗဟိုချက် ဟောင်ကောင်မှာတော့ အိမ်သာသုံးစက္ကူဟာ ဝယ်လိုအား များ တဲ့ ကုန်ပစ္စည်းတစ်ခု ဖြစ်နေပါတယ်။
မုန်ကော့ ဒေသမှာ ရှိတဲ့ စူပါမားကတ်တစ်ခုရဲ့ အပြင်ဘက်မှာ ပစ္စည်းချနေတဲ့ ပစ္စည်းပို့သူတစ်ဦးကို ဓားကိုင်အမျိုးသားသုံးယောက်က ခြိမ်းခြောက်ပြီး အိမ်သာသုံးစက္ကူလိပ်တွေကို ခိုးယူထွက်ပြေး သွားခဲ့ တာ ဖြစ်ပါတယ်။
“ ဓားကိုင်ဆောင်ထားတဲ့ အမျိုးသားသုံးယောက်က ပစ္စည်းပို့အမျိုးသားတစ်ဦးကို ခြိမ်းခြောက်ပြီး ဒီစက္ကူလိပ်တွေကို ခိုးယူထွက်ပြေးသွားတာပါ၊ ပါသွားတဲ့ အိမ်သာသုံးစက္ကူလိပ်တွေရဲ့ တန်ဖိုးက ဟောင် ကောင်ဒေါ်လာ တစ်ထောင်ဝန်းကျင်လောက် ရှိပါလိမ့်မယ်” လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသွားပါတယ်။
ယခု ထွက်ပေါ်နေတဲ့ သတင်းတွေအရ အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်လို့ ကျူးလွန်သူနှစ်ဦးကို ရဲက ဖမ်းမိထားပြီး အိမ်သာသုံးစက္ကူတစ်ချို့ကိုလည်း ပြန်လည်သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။