ပြည်သူတွေ ဘာလုပ်နိုင်မလဲ

ပြည်သူတွေ ဘာလုပ်နိုင်မလဲ

ခေတ်ပြောင်းခေတ်လွဲရွေးကောက်ပွဲဟု တင်စားကြသည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် သီတင်းတစ်ပတ်သာသာ လိုတော့သည်။ လာမည့်ရက်ပိုင်းအတွင်း ရွေးကောက်ပွဲအပူချိန် တက်လာပေတော့မည်။ ရာသီဥတုပူသည်က ပြင်ပအပူ၊ ဝန်းကျင်အပူဟု ဆိုပါလျှင် ပြည်သူများ၏ ကံကြမ္မာကို အဆုံးအဖြတ်ပြုနိုင်သည့် ရွေးကောက်ပွဲရလဒ်၏ အကျိုးဆက်သည် ရွေးကောက်ပွဲအပူဟု ဆိုနိုင်ပါလိမ့်မည်။ ပြည်သူများအနေနှင့် ဘာလုပ်နိုင်မည်နည်း။

၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် လွှတ်တော်သုံးရပ်ရွေးကောက်ပွဲဖြစ်သည်။ ထပ်ဆင့်ရှင်းလင်းရသော် ပြည်ထောင်စုအဆင့် ပြည်ထောင်စုလွှတ်တော်အမတ်များ ဖြစ်လာမည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရသည်။

ထို့ပြင် မိမိတို့နေထိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးလွှတ်တော်အမတ်များကို ရွေးချယ်ရသည်။ မဲဆန္ဒရှင်တစ်ဦးသည် လွှတ်တော်သုံံးရပ်အတွက် ပြည်သူ့ကိုယ်စားလှယ်လောင်း သုံးဦးကို ရွေးချယ် ရမည်ဖြစ်သည်။

အရေအတွက်ပြည့်မှီသော လူနည်းစုတိုင်းရင်းသားဖြစ်ပါက ၎င်းတို့၏အရေးအရာများကို ကိုယ်စားဆောင်ရွက်ပေးမည့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက်ပါ ဆန္ဒမဲတစ်မဲ ထပ်မံပေး ရွေးချယ်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ဇန်နဝါရီ ၄ တွင် ဗြိတိသျှကိုလိုနီထံမှ လွတ်လပ်ရေးရသည်။ လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်ဒဏ်ကို ပြည်သူများ ခံစားရသဖြင့် ကမ္ဘာ့စံချိန်တင် အရှည်ကြာဆုံး ပြည်တွင်းစစ်ဖြစ်ပွားရာ နိုင်ငံအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ မငြိမ်းချမ်းသော တိုင်းပြည်ကို စစ်အာဏာရှင်များက နှစ်ပေါင်း ၅၀ ကျော် ဖိနှိပ် အုပ်စိုးလိုက်ရာ တိုင်းပြည်သည် ဖြူကာပြာကာကျသွားတော့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် မျှော်လင့်ချက်ရောင်ခြည်ဖြစ်သည်။

ရာစုနှစ်ထက်ဝက်ကျော် စစ်အစိုးရအဆက်ဆက်အောက် ပြားပြားမှောက်ခဲ့ကြရသော ပြည်သူများသည် တွေးပုံခေါ်ပုံ စဉ်းစားပုံ၊ လုပ်ပုံကိုင်ပုံ ဆောင်ရွက်ပုံ၊ နေပုံထိုင်ပုံ ပြုမူပုံများ အသားသေသွားခဲ့သည်။ အဘကြောက် ပြည်သူများအဖြစ် စစ်အာဏာရှင်များက ပုံသွင်းခဲ့သည်၊ အဘမကြောက်၍လည်း မဖြစ်ပါ၊ ဘဝသေသွားနိုင်သဖြင့် အဘပေါင်းစားများ၊ အဘမြှောက်စားများဟု ဆိုအပ်သည့် ခရိုနီလူတန်းစားတစ်ရပ် ပေါ်ပေါက်လာသည်။ တိုင်းပြည်တွင် အာဏာရှိသူနှင့် ပိုက်ဆံရှိသူတို့သာ အဆင်ပြေသော အနေအထားဖြစ်လာခဲ့သည်။

အကြောက်တရားနှင့် အသားသေ ပုံစံကျနေသော ဖိနှိပ်ခံပြည်သူများသည် ၎င်းတို့ကိုယ်တိုင်က မလိုလား လက်မခံသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တက်လာသော အစိုးရအောက်တွင်လည်း ထူးမခြားနားဘဝများဖြင့်သာ ရုန်းကန်ရှင်သန်နေထိုင်ရဆဲဖြစ်သည်။ အာဏာရှိသူနှင့် ပိုက်ဆံရှိသူတို့၏ ဘဝများနှင့် လားလားမျှမဆိုင်သော မပြောင်းမလဲဘဝများဖြင့်သာ နေနေရသော်လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် သူတို့ဘဝကို ပြောင်းလဲနိုင်ကောင်းသည်ဟုဆိုပါလျှင် ထိုသူတို့ မယုံကြည်ကြပါ။ မထူးဘဝများဖြင့် နေခဲ့ရသူများကို ရုတ်ချည်းထူးမည်ဟု ဆိုလေသော် သူတို့မယုံကြည်ကြပါ။

ဤတွင် ၈၈၈၈ လူထုလှုပ်ရှားမှု ဒီမိုကရေစီအရေးတော်ကြီးမှ ပေါ်ထွက်လာသော လူထုပါတီဟု တံဆိပ်ကပ်ခံရသည့် လူထုခေါင်းဆောင်ဟု အမည်သညာမှည့်ခံရသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောင်းလဲချိန်တန်ပြီဟူသော ဆောင်ပုဒ်ဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအနှံ့ အုံနှင့်ကျင်းနှင့် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် မြိုင်မြိုင်ဆိုင်ဆိုင် ပိုင်ပိုင်နိုင်နိုင် ခိုင်ခိုင်မာမာနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို ဝင်ပြိုင်သောအခါ မြေပြင်အခြေအနေများတွင် လူထုသည် တဖန်နှိုးထလာသည်ကို တွေ့မြင်ရသည်။ အကြောက်တရားနှင့် မိန်းမောနေရာမှ တစ်နိုင်ငံလုံး ရဲရဲတောက်ကုန်သဖြင့် ရောယိမ်းဘသားယိမ်း နှိုးကြရသည်ဖြစ်ရာ လူထုသည် ဘာလုပ်ရမည်ကို မခိုင်မမာရှိနေဆဲဟု မဇ္ဈိမက ရှုမြင်သည်။

မဇ္ဈိမသည် ဤအခြေအနေတွင် ရှင်းလင်းသော အဖြေကို ပေးလိုသည်။ ၅၁ သန်းသော မြန်မာပြည်သူများကို ကိုယ်စားပြုသည့် အသက် ၁၈ နှစ် ပြည့်ပြီးသော မဲဆန္ဒရှင် သန်း ၃၀ သည် နိုဝင်ဘာ ၈ တွင် မဲပေးရမည်။ ခေတ်ပြောင်းခေတ်လွဲကို ဆောင်ကျဉ်းနိုင်မည့် တိုင်းပြည်နှင့်လူထုအကျိုးကို ရည်သန်ပြီး ကိုယ်ကျိုးမဖက် အများအတွက် လုပ်ဆောင်နိုင်မည့်သူများကို မဲပေးရွေးချယ်ရမည်။ မဲပေးခွင့်မရှိသော ပြည်သူများနှင့် ကျန်ပြည်သူများအားလုံးသည် မိမိတို့ကိုးကွယ်ရာ ယုံကြည်ရာဘာသာအလိုက် ဒီတစ်ကြိမ်တွင် အပြောင်းအလဲဖြစ်ပြီဟု ယုံကြည်ကြရပါလိမ့်မည်၊ တောင်းဆုပြုရပါလိမ့်မည်။ ယုံကြည်မှုသည် အောင်မြင်မှု၏ အစဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly