ဖေဖော်ဝါရီ ၁၅
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှုန်းသည် သိသိသာသာ မြင့်တက်နေသောကြောင့် ပိုမိုဆိုးရွားလာနိုင်ပြီး အဆိုပါဗိုင်းရပ်စ်ကို မဟန့်တားနိုင်ခဲ့ပါက ကမ္ဘာ့လူဦးရေ၏ သုံးပုံနှစ်ပုံနီးပါး ကူးစက်ခံရနိုင်ဖွယ်ရှိကြောင်း ဟောင်ကောင်တက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေးဆိုင်ရာပါမောက္ခ Gabriel Leung က သတိပေးပြောကြားလိုက်သည်။
တရုတ်တွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နိုင်မှုကို လေ့လာမှုပြုလုပ်ခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အကြံပေးတစ်ဦးဖြစ်သူ Ira Longini ကလည်း ယခုတရားဝင်ထုတ်ပြန်ထားသည့် ကူးစက်ခံရသည့် လူဦးရေ ၆၀,၀၀၀ ကို ကျော်လွန်ကာ တဖြည်းဖြည်း ဘီလီယံနှင့်ချီကာ ကူးစက်လာနိုင်ကြောင်း မှန်းဆပြခဲ့သည်။
Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။
အကယ်၍ ဗိုင်းရပ်စ်သည် ၎င်းပမာဏအထိ နေရာဒေသမရွေး ပျံ့နှံ့ခဲ့ပါက လူသန်းပေါင်းများစွာနေထိုင်သည့် ဒေသများကို အဝင်အထွက်တားမြစ်မှုအပါအဝင် တရုတ်၏ တင်းကျပ်သော ကန့်သတ်ထိန်းချုပ်မှု အားနည်းပုံကို ထင်ရှားစေမည်ဖြစ်သည်။ WHO ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Tedros Adhanom Ghebreyesus ကမူ တရုတ်၏လုပ်ဆောင်ချက်များသည် နိုင်ငံ၏ကျန်အစိတ်အပိုင်းများနှင့် ကမ္ဘာကြီးအတွက် ကြိုတင်ပြင်ဆင်ရန် အခွင့်အရေးတစ်ခုဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သည်။
ရောဂါခြေချုပ်ဖြင့် သီးသန့်ထားခြင်းသည် ဗိုင်းရပ်စ်ပျံ့ပွားမှုနှုန်းကို နှေးကောင်းနှေးနိုင်သော်လည်း ကာကွယ်မှုအကျိုးမသက်ရောက်ခင် အဆိုပါဗိုင်းရပ်စ်သည် တရုတ်နှင့်နိုင်ငံပြင်ပသို့ ခြေသဝေထိုးနေမည်ဖြစ်သည်။ ဗိုင်းရပ်စ်ကူးစက်ခံရမှု စစ်တမ်းကောက်ယူပုံနည်းလမ်းပြောင်းအပြီး ဖေဖော်ဝါရီ ၁၃ ရက်က ကူးစက်ခံရမှုနှုန်း ၁၅,၀၀၀ နီးပါးအထိ မြင့်တက်ခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရသည်။
ဖလော်ရီဒါတက္ကသိုလ် Center for Statistics and Quantitative Infectious Diseases မှ တွဲဖက်ဒါရိုက်တာဖြစ်သူ Longini ၏ တွက်ချက်ပုံနည်းလမ်းမှာ ကူးစက်ခံရသူသည် သာမန်အားဖြင့် အခြားလူ နှစ်ဦးမှ သုံးဦးအထိ ထပ်မံကူးစက်တတ်သည်ဆိုသည့်အချက်အလက်များကို အခြေခံထားခြင်းဖြစ်သည်။ မြန်မြန်ဆန်ဆန် မစမ်းသပ်နိုင်ခြင်းနှင့် အချို့လူများတွင် အနည်းငယ်သာ ကူးစက်ခံရခြင်းများကလည်း ဗိုင်းရပ်စ်ပျံ့နှံ့မှုနှုန်းကို ခြေရာခံရန် အခက်တွေ့စေသည်။
ကူးစက်မှုကို လျှော့ချခြင်း
ရောဂါကူးစက်မှုနှုန်းကို ထက်ဝက်လျှော့ချနိုင်လျှင်တောင် အကြမ်းအားဖြင့် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံခန့်သည် ကူးစက်ခံရနိုင်ကြောင်း၊ ကူးစက်ပျံ့နှံ့နိုင်မှုကို မပြောင်းလဲနိုင်ပါက စောင့်ကြည့်စစ်ဆေးမှုနှင့် ကန့်သတ်ထိန်းချုပ်မှုကိုသာ ကောင်းကောင်းလုပ်နိုင်မည်ဖြစ်ကြောင်း၊ သီးသန့်ခွဲထားခြင်းနှင့် ရောဂါခြေချုပ်ဖြင့် ထားခြင်းအားဖြင့် ဗိုင်းရပ်စ်ကို အဆုံးသတ်သွားစေမည်မဟုတ်ကြောင်း Longini က ဂျနီဗာရှိ WHO ရုံးချုပ်၌ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောဆိုခဲ့သည်။
Imperial College London မှ သုတေသနပညာရှင်တစ်ဦးဖြစ်သူ Neil Ferguson က တရုတ်နိုင်ငံတွင် နေ႔စဉ်နှင့်အမျှ ကူးစက်ခံရသူ ၅၀,၀၀၀ အထိရှိနိုင်ကြောင်း ခန့်မှန်းပြောခဲ့သည်။
ဗိုင်းရပ်စ်ထိန်းချုပ်မှုကို ပိုမိုလုပ်ဆောင်နိုင်ပါက တရုတ်ပြင်ပ၌ မည်ကဲ့သို့ အလွယ်တကူ ကူးစက်ပျံ့နှံ့သည်ဆိုသည့် အချက်အလက်များကို လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း ပြောပြနိုင်မှာဖြစ်ကြောင်း၊ လူများသည် ပြုမူနေထိုင်ပုံပြောင်းလဲနေကြရပြီး ၎င်းသည် အဆိုးဆုံးကိစ္စရပ်တစ်ခုဖြစ်ကြောင်း ဘော့စတွန် Northeastern တက္ကသိုလ်မှ ဇီဝစာရင်းအင်းပညာရှင် Alessandro Vespignani က သုံးသပ်ပြသည်။
၂၀၀၃ ခုနှစ်က SARS ရောဂါတိုက်ဖျက်ရာမှာ ကြီးကြပ်ခဲ့သူတစ်ဦးဖြစ်သည့် ကူးစက်ရောဂါကျွမ်းကျင် ပညာရှင် David Heymann က ဗိုင်းရပ်စ်သည် မည်သည့်အကွာအဝေးအထိ ရောက်နိုင်သည်ကို ကောင်းကောင်းမှန်းဆနိုင်ရန် အချက်အလက်များ ပိုမိုစုဆောင်းဖို့ လိုအပ်ကြောင်း၊ ရောဂါဖြစ်ပွားမှုကို ကောင်းကောင်းထိန်းချုပ်နိုင်ရန် တရုတ်ပြင်ပနိုင်ငံများကို စောင့်ကြည့်သွားမှာဖြစ်ပြီး အချက်အလက်များ ပိုမိုပြည့်စုံလာသည့်အခါ ပိုမိုကောင်းမွန်တဲ့ပုံစံများကို ၎င်းတို့အနေဖြင့် လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း ပြောသည်။