သြစတြေးလျဝန်ကြီးချုပ်ဟောင်း တိုနီအဘော့က အရှေ့အလယ်ပိုင်း ပဋိပက္ခများမှ ထွက်ပြေးလာကြသူ နိုင်ငံရွှေ့ပြောင်းဝင်ရောက်ကြသူများအရေးတွင် ဥရောပအနေဖြင့် သြစတြေးလျကို အတုယူ၍ နယ်စပ်တံခါးများကို ပိတ်ထားသင့်သည်ဟု ပြောသည်။
မာဂရကတ်သက်ချာအထိမ်းအမှတ်ဒုတိယနှစ်ပတ်လည်အဖြစ် လန်ဒန်တွင် မိန့်ခွန်းပြောကြားရာ အဘော့က ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။
"ဦးတည်လမ်း မှားသည့် ပရဟိတလုပ်ဆောင်ခြင်းများ"က "ဥရောပကို ရုတ်တရက် ကပ်ဘေးအတွင်း ဆွဲချသွားစေမည်"ဖြစ်ကြောင်း ၎င်းက ပြောသည်။
အဘော့ ဝန်ကြီးချုပ်တာဝန်ယူစဉ် နိုင်ငံတွင်း လှေဖြင့် ရွှေ့ပြောင်းသူများ ဝင်ရောက်ခြင်းကို သြစတြေးလျက ရပ်တန့်ပစ်သည့် နယ်စပ်ထိန်းချုပ်ရေးများကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အရှေ့အလယ်ပိုင်း အထူးသဖြင့် ဆီးရီးယားမှ အများစုဖြစ်သည့် လူပေါင်း ထောင်သောင်းများစွာသည် ဥရောပနိုင်ငံများသို့ နိုင်ငံရေးခိုလှုံခွင့်ရရေး ရွှေ့ပြောင်းဝင်ရောက်လျက်ရှိနေသည်။
ရွှေ့ပြောင်းဝင်ရောက်သူအများစုက စီးပွားရေးအလုပ်အကိုင်အတွက် မဟုတ်ဘဲ စစ်ပွဲများနှင့် နှိပ်စက်ညှင်းပန်းခြင်းများကြောင့် လှေသင်္ဘောများဖြင့် ပင်လယ်ဖြတ်ကာ ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက ပြောသည်။
ပါတီမှ နှုတ်ထွက်ပြီးနောက် ပထမဆုံး အဓိကကျသည့် မိန့်ခွန်းပြောကြားရာတွင် တိုနီအဘော့က "မည်သည့်တိုင်းပြည်၊ မည်သည့်တိုက်ကမှ ကိုယ့်မှာ ပျော့ကွက်မရှိဘူးဆိုရင် နယ်စပ်ကို ဖွင့်ပေးကြမှာ မဟုတ်ပါဘူူး။"ဟု ပြောကြားခဲ့သည်။
Ref: BBC