ရခိုင်ကိစ္စ တင်းမာမှု ရှိနေသော်လည်း မြန်မာနှင့် နီးနီးကပ်ကပ် ဆက်ဆံသွားမည်ဟု အမေရိကန်သံအမတ် ပြောကြား

ရခိုင်ကိစ္စ တင်းမာမှု ရှိနေသော်လည်း မြန်မာနှင့် နီးနီးကပ်ကပ် ဆက်ဆံသွားမည်ဟု အမေရိကန်သံအမတ် ပြောကြား
Photo: U.S. Embassy Rangoon

ဇန်နဝါရီ ၃၁ ။                     ။ ရခိုင်အကျပ်အတည်းနှင့်ပတ်သက်၍ နောက်ဆက်တွဲ အခြေအနေဆိုးကျိုးတစ်ခုနှင့် မြန်မာစစ်တပ် အရာရှိကြီးများအပေါ် ပစ်မှတ်ထားပြီး ဆန်ရှင်ချမှတ်မှုတို့ ရှိနေလင့်ကစား ဝါရှင်တန်အစိုးရအနေဖြင့် မြန်မာနှင့် အခိုင်အမာ ဆက်လက် ဆက်ဆံပတ်သက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့ မာစီယယ်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတစ်ခုမှာ အလေးပေး ပြောဆိုသွားခဲ့သည်။

ရန်ကုန်မြို့ အမေရိကန် စင်တာတွင် ပြုလုပ်သည့် အမေရိကန်-မြန်မာ ဆက်ဆံရေး ဆိုင်ရာ အများပြည်သူ ဆွေးနွေးပွဲတစ်ခုတွင် သံအမတ်ကြီး စကော့ မာစီယယ် တက်ရောက်ပါဝင် ဆွေးနွေးသွားခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် Burgundy Hills ကုမ္ပဏီမှ Managing Partner ဖြစ်သည့် ဦးဉာဏ်သာမော်လင်းက မော်ဒရေတာ-အစီအစဉ်ကွပ်ကဲသူ အဖြစ် ဆောင်ရွက်ပေးခဲ့သည်။

ယနေ့ ကမ္ဘာကြီးသည် ဆယ်စုနှစ်သစ်တစ်ခုကို အစပြုလိုက်ချိန် ယခု ဆွေးနွေးပွဲမှာ အမေရိကန်နှင့် မြန်မာ ဆက်ဆံရေးနှင့်ပတ်သက်၍ ထင်ဟပ် ဆွေးနွေးနိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ပရိသတ်နှင့်အကြား ပွင့်ပွင့်လင်းလင်း အမေးအဖြေ ကဏ္ဍတစ်ခုကိုလည်း ထည့်သွင်းခဲ့သည်။

နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး စသည့် လယ်ဗယ်ကဏ္ဍများတွင် အမေရိကန်နိုင်ငံ၏ ပါဝင်ပတ်သက်မှု တို့အပြင် စိုက်ပျိုးရေးဆိုင်ရာ လေ့ကျင့်သင်ကြားမှု၊ ပူးပေါင်းဆောင်ရွက်မှုများ၏ အရေးကြီးမှုကို သံအမတ်ကြီးက အလေးပေးပြောသွားသည်။ ထို့ပြင် ဝါရှင်တန်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကျပ်အတည်းများနှင့်အတူ ပြောင်းလဲနေသော ပထဝီနိုင်ငံရေး မြင်ကွင်းအခြေအနေအပေါ်တွင်လည်း သံအမတ်ကြီးက လက်ခံအသိအမှတ်ပြု သွားခဲ့သည်။ သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်ရှိရင်ဆိုင်နေရသည့် စွပ်စွဲပြစ်တင်မှု ကြားနာစစ်ဆေးမှုများအကြောင်းကို ရှင်းလင်းအောင် ထုတ်ဖော်သွားခြင်းမရှိပေ။

မြန်မာနိုင်ငံတွင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုသည် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်အထိ ရှိခဲ့ပြီဖြစ်ကြောင်း အမေရိကန်သံအမတ်ကြီးက မူဝါဒ ရေးရာ ဆွေးနွေးပွဲတွင် ပြောသွားသည်။

သို့သော် မြန်မာအတွက် အမေရိကန်၏ တရားဝင် ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းများက အတော်လေးနည်းနေသည်။ ၂၀၁၉ ဒီဇင်ဘာမှစ၍ အမေရိကန်သည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကန်ဒေါ်လာ ၅၃၁ ဒသမ ၁၃၆ သန်းနှင့်အတူ မြန်မာနိုင်ငံအတွက် ၁၃ ခုမြောက် အကြီးဆုံး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုှပ်နှံမှု (FDI) ရင်းမြစ် ဖြစ်ခဲ့သည်။ FDI အများဆုံးပြည်ပနိုင်ငံများ စာရင်းတွင် စင်ကာပူက ကန်ဒေါ်လာ ၂၂ ဘီလီယံကျော်ဖြင့် ထိပ်ဆုံးမှာ ရှိနေခဲ့ပြီး ယင်း၏ နောက်တွင် တရုတ်နှင့် ထိုင်းတို့ ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

“ ဒီလို ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ မြန်မာမှာတင် မဟုတ်ပါဘူး၊ ဒေသတွင်းက အမေရိကန်ရင်းနှီးမြှုပ်နှံမှု အများစုဟာ စင်ကာပူ၊ ဘန်ကောက်၊ ဟောင်ကောင် မှာ အခြေစိုက်တဲ့ ဒေသဆိုင်ရာဌာနချုပ်တွေဆီကနေ လာတာဖြစ်လို့ပါ၊ ဒါကြောင့် အမေရိကန်ကုမ္ပဏီတွေဟာ လက်တွေ့အရဆိုရင် စင်ကာပူ၊ ထိုင်း ဒါမှမဟုတ် ဟောင်ကောင် ရင်းနှီးမြုှပ်နှံမှုအဖြစ်နဲ့ လာနေတာဖြစ်ပါတယ်” ဟု သံအမတ်ကြီး စကော့ မာစီယယ်က ရှင်းပြသည်။

“ ဒီတော့ ကျွန်တော်တို့ ဘာလုပ်လဲဆိုတော့ ကျွန်တော်တို့ အမေရိကန်ကုမ္ပဏီတွေနဲ့အတူ အလုပ်လုပ်ခဲ့တယ်၊ ပြီးတော့ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု လေးခု ဒါမှမဟုတ် ငါးခုကို ထည့်ရေတွက်ရုံပေါ့၊ ပြီးတော့ သူတို့ ဘယ်လောက် ရင်းနှီးမြှုပ်နှံထားသလဲ မေးကြည့်ခဲ့ပါတယ်”။

“ ပြီးတော့ အဲဒီ အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု လေး၊ ငါးခုကပဲ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် ရှိနေပါပြီ၊ ဒါက ကျွန်တော်တို့ ထည့်မတွက်ထားတဲ့ အရွယ်အစား ပိုသေးတဲ့ ရင်းနှီးမြှုပ်နှံမှုတွေထက် ပိုများနေပါတယ်” ဟု သံအမတ်ကြီးက ပြောသည်။

တချိန်တည်းမှာလည်းပဲ မြန်မာအစိုးရသည် ၂၀၁၉-၂၀၂၀ လက်ရှိဘဏ္ဍာနှစ်ရဲ့ ပထမသုံးလပတ်အတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၈၃ ဘီလီယံရှိ ရင်းနှီးမြုှပ်နှံမှု ငွေရင်းငွေနှီးများကို ခွင့်ပြုပေးခဲ့ကြောင်း DICA ၏ ထုတ်ပြန်ချက်အရ သိရသည်။

အမေရိကန်အနေဖြင့် ၂၀၁၂ ခုနှစ်နောက်ပိုင်း ရင်းနှီးမြုှပ်နှံမှု ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော် နှင့် အကူအညီအထောက်အပံ့ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်ကို ထောက်ပံ့ပေးထားကြောင်း ၎င်းက မှတ်ချက်ပြုသည်။ “ ဒီ အကူအညီအထောက်အပံ့ငွေတွေအကုန်လုံးက ထောက်ပံ့ငွေတွေပါ၊ ပြန်ပေးရမယ့် ချေးငွေတွေ မဟုတ်ပါဘူး၊ ဒါက ကျွန်တော်တို့ရဲ့ အကူအညီပေးမှု နည်းလမ်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

စိုက်ပျိုးရေး ကဏ္ဍတွင်းက တိုးတက်ဖွံ့ဖြိုးမှုများနှင့်ပတ်သက်၍ မြန်မာအပေါ် အကောင်းမြင်ထားကြောင်း သံအမတ်ကြီးက ပြောသည်။ ၎င်းတို့ အစိုးရအနေဖြင့် မြန်မာအစိုးရနှင့် နီးနီးကပ်ကပ် အတူလုပ်ကိုင်နေကြောင်း၊ အသေးစား ချေးငွေ တိုးမြှင့်ထောက်ပံ့နိုင်ရန်အတွက်လည်း ဘဏ်များနှင့်အကြား ချိတ်ဆက်လုပ်ဆောင်နေကြောင်း၊ တောင်သူများနှင့်လည်း တိုက်ရိုက် ချိတ်ဆက်လုပ်ကိုင်နေကြောင်း၊ အထူးသဖြင့် ကော်ဖီ၊ ဖရဲ၊ နှမ်း စသည့် သီးနှံများနှင့်ပတ်သက်သည့် ပရောဂျက်များကိုလည်း ရှမ်း၊ မကွေး အပါအဝင် ပြည်နယ်ဒေသများတွင် လုပ်ဆောင်နေကြောင်း၊ မကြာသေးခင်က ကချင်ပြည်နယ်သို့ ချဲ့ထွင်လုပ်ဆောင်ခဲ့ကြောင်း သံအမတ်ကြီးက ပြောသည်။

“ကျွန်တော်တို့ရဲ့ ပါ့တနာတွေနဲ့ တိုက်ရိုက် အတူလုပ်ပါတယ်၊ ခင်ဗျားတို့ ဘာတွေလိုလဲ လို့လည်း သူတို့ကို မေးပါတယ်၊ ထုတ်လုပ်မှုပိုင်းလား၊ ဒါမှမဟုတ် ဈေးကွက်တွေနဲ့အကြား ချိတ်ဆက်ဝင်ရောက်ခွင့် ရဖို့လား မေးပါတယ်၊ ခင်ဗျားတို့ တောင်သူတွေဟာ ကော်ဖီဘက်က တကယ့်ကို အောင်မြင်နေကြပါပြီ၊ ဒီလုပ်ငန်းစဉ်ကတော့ သူတို့အရင်တုန်းက ရနေတာထက် သိသိသာသာ မြင့်တက်နေပါတယ်။ ဒါက တောင်သူတွေရဲ့ ဘဝတွေအတွက် တိုက်ရိုက်တိုးတက်စေခဲ့ခြင်း ဖြစ်ပါတယ်၊ ဒါ ကျွန်တော်တို့ မျှော်မှန်းလုပ်ဆောင်နေတဲ့ ကိစ္စဖြစ်ပါတယ်” ဟု ၎င်းက ပြောသွားသည်။

အလားတူ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ၎င်း၏ စိတ်ဝင်စားမှု၊ စိုးရိမ်ပူပန်မှုအကြောင်းကိုလည်း သံအမတ်ကြီးက ပြောသွားသည်။

“ ပထမဆုံး ကျွန်တော်ပြောနိုင်တာကတစ်ခုက ဖက်ဒရယ် ဒီမိုကရက်တစ်စနစ်တစ်ခု ဖြစ်ပေါ်လာစေမယ့် နိုင်ငံရေးသဘောတူညီချက်တစ်ခုကနေတဆင့် ငြိမ်းချမ်းရေး ရအောင် ကြိုးပမ်းမယ့် မြန်မာအစိုးရရဲ့ ရည်မှန်းထားသလိုပဲ ကျွန်တော်တို့လည်း ရည်မှန်းထားတယ်ဆိုတာပါ၊ ဘယ်လို ဖက်ဒရယ်လစ်ဇင် အမျိုးအစား ဖြစ်မလဲ ဆိုတာကတော့ ခင်ဗျားတို့ဘာသာပဲ ဆုံးဖြတ်ကြရမှာဖြစ်တယ်၊ ဒါက ခင်ဗျားတို့နဲ့ပဲ သက်ဆိုင်ပါတယ်၊ ကျွန်တော်တို့ရဲ့ဖက်ဒရယ်စနစ်နဲ့ပတ်သက်လို့ ကျွန်တော်တို့ တွေ့ကြုံထားတဲ့ အတွေ့အကြုံတွေကို ဝေမျှနိုင်ပါတယ်၊ ဒါပေမယ့် ခင်ဗျားတို့အနေနဲ့ မြန်မာနိုင်ငံအတွက် စနစ်တစ်ခုတော့ ရှိရပါလိမ့်မယ်၊ ဒါပေမယ့် အဲဒီအပေါ် ကျွန်တော်တို့ အခိုင်အမာ အားပေးထောက်ခံပါတယ်၊ ဒီနေရာမှာ ပြည်သူအားလုံး ၊ အထူးသဖြင့် ပြည်နယ် အများအပြားက တိုင်းရင်းသား လူနည်းစုတွေ ထိခိုက်ခံစားစေနိုင်တဲ့ အပစ်ရပ်မှုမျိုးအကြောင်းတော့ မဟုတ်ပါဘူး၊ ခင်ဗျား သူတို့နဲ့ သဘောထား တူချင်မှ တူပါလိမ့်မယ်၊ သူတို့အများစုက သာတူညီမျှ  မဆက်ဆံခံရဘူးလို့ ခံစားနေကြရပါတယ်၊ ပြီးတော့ အဲဒါက ကိုင်တွယ်ဖြေရှင်းသွားရမယ့် အရေးကြီးကိစ္စပါ၊ ကျွန်တော်တို့ အမေရိကန်မှာလည်း ကိုယ်ပိုင် စိန်ခေါ်မှုတွေ ရှိပါတယ်၊ အဲဒီက လူနည်းစုတွေဟာလည်း သူတို့ သာတူညီမျှ ဆက်ဆံခြင်းမခံရဘူး လို့ခံစားနေရတာတွေ ရှိပါတယ်၊ ကျွန်တော်တို့ ဒါကို ကိုင်တွယ်ရှင်းပေးဖို့ အရေးကြီးပါတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

“ လူတိုင်း သိတဲ့အတိုင်း တရားဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က အရမ်းအကောင်းကြီး သွားနေတာမျိုး မရှိပါဘူး၊ ဒါ စိုးရိမ်ရတဲ့ အခြေအနေလို့ ကျွန်တော် မပြောလိုပါဘူး၊ ဒါက အတော်လေး ရှုပ်ထွေးတဲ့ အခြေအနေတစ်ခုပါ၊ ဘာလို့လဲ ဆိုတော့ ခင်ဗျားတို့ဆီမှာ မတူညီတဲ့ လူအုပ်စုတွေ အများကြီး ရှိနေပါတယ်၊ ပြီးတော့ သူတို့တွေအားလုံးမှာ တူညီတဲ့ အမြင်တွေလည်း ရှိမနေကြပါဘူး၊ ဒါပေမယ့် ပြည်သူတွေအကုန်လုံးကို ထိုင်ပြီး ဆွေးနွေးကြဖို့၊ အခြားတစ်ဘက်က နာကြည်းခံစားမှုတွေကို နားလည်းပေးနိုင်အောင် ကြိုးစားကြဖို့ ကျွန်တော်တို့ အမြဲတမ်း တိုက်တွန်းနေပါတယ်၊ ဘာလို့လဲဆိုတော့ ဒါကလည်း အရမ်းကို အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်၊ ဖက်ဒရယ်လစ်ဇင်တစ်ခု ဘယ်လိုမျိုး အလုပ်ဖြစ်နိုင်သလဲ ဆိုတာနဲ့ပတ်သက်လို့ အိုင်ဒီယာတွေကို ကျွန်တော်တို့ ဝေမျှပေးနေတာဖြစ်ပါတယ်၊ဒါပေမယ့် အဆုံးမှာတော့ ဒါက နိုင်ငံရေး ဆန္ဒတစ်ခုဆီ ရောက်သွားပါလိမ့်မယ်” ဟု သံအမတ်ကြီးက ပြောသည်။

၎င်း စိုးရိမ်ပူပန်နေသည့် ကဏ္ဍတစ်ခုက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်မည့်သူများနှင့်ပတ်သက်၍ ဖြစ်သည်။

“ ခုချိန်မှာ ဒီလုပ်ငန်းစဉ်မှာ ပါဝင်ဆွေးနွေးနေသူတွေဟာ သေနတ်တွေနဲ့ အမျိုးသားတွေဖြစ်ပါတယ်၊ အထိခိုက်အခံရဆုံးပြည်သူတွေကတော့ အပြစ်မဲ့ တောင်သူတွေ၊ ရွာသူရွာသားတွေနဲ့ အခြားသူတွေဖြစ်ပါတယ်၊ သူတို့တွေကတော့ ဝမ်းနည်းစရာကောင်းအောင်ပဲ သူတို့ရဲ့ အသံတွေကို ထုတ်ဖော်ခွင့် မရရှာသူ တွေဖြစ်ပါတယ်၊ ဒါက မြန်မာနိုင်ငံတင်မှာပဲ မဟုတ်ပါဘူး၊ ပဋိပက္ခဖြစ်နေတဲ့ အခြားဒေသတွေမှာလည်း ဒီလိုပါပဲ၊ ဒီတော့ အချိန်ကြာလာတာနဲ့အမျှ သေနတ်မရှိတဲ့ လူတွေလည်း ပါဝင်ထုတ်ဖော်ခွင့် ပိုရလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု သံအမတ်ကြီးက ပြောသည်။

“ ဆော်ရီး၊ ဒီလို ပြောလို့ ကျွန်တော့် စံနှုန်းတွေ ခင်ဗျားတို့ဆီ ထားလိုက်မိတယ်၊ ဒီတော့ အဲဒီအတွက် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ၊ ဒါပေမယ့် ကျွန်တော် မြင်တာက လက်နက် မရှိတဲ့လူတွေရဲ့ ထုတ်ဖော်သံတွေ ပိုထွက်လာနိုင်ဖို့နဲ့ အထူးသဖြင့် အမျိုးသမီးတွေအပါအဝင်၊ ဒီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့တိုးနိုင်အောင် တွန်းအားပေးနိုင်မယ့် အခွင့်အရေး ပိုရဖို့ အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

“ ခုလောလောဆယ်မှာ ကျွန်တော်တို့ လုပ်ဖို့ ကြိုးစားနေတာက ဆွေးနွေးပွဲတွေဖြစ်အောင် တွန်းအားပေးဖို့ပါ၊ ဒေသ ဆိုင်ရာ အသိုင်းအဝိုင်း အဆင့်မှာပဲဖြစ်ဖြစ်ပေါ့၊ ဖွံ့ဖြိုးရေး ပရိုဂရမ်တွေကနေတဆင့် အခွင့်အရေးတွေ ဖန်တီးပေးနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ ပြီးတော့ တတ်နိုင်သမျှ လူ့အသိုင်းအဝိုင်းတွေကို အတူတကွ ရှိစေအောင်၊ မတူညီတဲ့ အစုအဖွဲ့တွေအကြား သဟဇာတပိုရှိအောင်၊ ရေရှည်ငြိမ်းချမ်းရေးအတွက် ပိုမို ကောင်းမွန်တဲ့ ဝန်းကျင်တစ်ခု  ဖန်တီးနိုင်ရေး ကြိုးပမ်းဖို့ဖြစ်ပါတယ်” ဟု သံအမတ်ကြီးက ပြောသည်။

လက်ရှိ ပြဿနာရှိနေသည့် ကိစ္စတစ်ခုက မြန်မာစစ်တပ်နှင့် အမေရိကန်အစိုးရအကြား ဆက်ဆံရေးဖြစ်သည်။

“ ကျွန်တော်တို့ စစ်တပ်နဲ့လည်း ဆက်ပြီး ဆွေးနွေးသွားနေပါတယ်၊ အကြောင်းပြချက်တွေအတွက် ကျွန်တော်တို့ စစ်တပ်တွေအကြား အထူးတလည် နီးကပ်တဲ့ ဆက်ဆံရေး တစ်ခုတော့ ရှိမနေပါဘူး၊ ဒါကလည်း ထင်ရှားပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ဆက်ပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်၊ ခင်ဗျား မဆွေးနွေးဘူးဆိုရင်တော့ ပိုကောင်းလာဖို့ မရှိပါဘူး၊ အတူထိုင်ပြီး မတူညီတာတွေအတွက် အဖြေရှာဖို့ ကြိုးစားရမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသွားသည်။

ဒေသတွင်းနှင့် ကမ္ဘာ့အလယ်တွင် မြန်မာ၏ ရပ်တည်မှု အနေအထားနှင့် နိုင်ငံခြားရေးမူဝါဒ၊ အိမ်နီးချင်းများဖြစ်သော အိန္ဒိယ၊ တရုတ်နှင့်အကြား ဆက်ဆံရေး စသည်တို့နှင့်ပတ်သက်၍ သံအမတ်ကြီးက ပြောကြားရာတွင် ၎င်းတို့ ဝါရှင်တန်အစိုးရအနေဖြင့် အာဆီယံဒေသအပေါ် ဆက်လက် အလေးထားဆက်ဆံနေပါကြောင်း အလေးပေး ပြောသွားသည်။ နိုင်ငံတိုင်းကို ဆက်လက်ပြီး အပြည့်အ၀ လွတ်လပ်မှု ရှိစေရန်နှင့် ကိုယ်ပိုင် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် အမေရိကန်ဘက်က ဆန္ဒရှိကြောင်း၊ မြန်မာအနေဖြင့် အာဆီယံနှင့်အကြား ခိုင်မာအားကောင်းသော ဆက်ဆံရေးတစ်ရပ် ရရှိထားခြင်း ၊ အိမ်နီးချင်းများဖြစ်သော တရုတ်၊ အိန္ဒိယနှင့်အကြား ကောင်းမွန်သော ဆက်ဆံရေး ထူထောင်ထားနိုင်ခြင်းတို့က အရမ်း အကျိုးဖြစ်ထွန်းမှုရှိသည်ဟု အမေရိကန်ဘက်က ခံစားမိပါကြောင်း သံအမတ်ကြီးက ပြောသွားသည်။ ဆက်လက်၍ ဝါရှင်တန်ဘက်ကလည်း မြန်မာနှင့်အကြား ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်သူနိုင်ငံ ဖြစ်ရန် ဆန္ဒရှိကြောင်း သံအမတ်ကြီးက ပြောသွားသည်။

ဝါရှင်တန်တွင် ဗရမ်းပတာကဲ့သို့ အခြေအနေများ ပြန်ဖြစ်နေချိန် မြန်မာအနေဖြင့် တည်တံ့ခိုင်မြဲသော အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒတစ်ခုကို တွေ့မြင်ရနိုင်မလား ဆိုသည့် မေးခွန်းတစ်ခုကို ပြန်ဖြေရာတွင် သံအမတ်ကြီးက “ ကျွန်တော်တို့မှာက အမြဲတမ်းပဲ ပြည်တွင်း နိုင်ငံရေးကတော့ ရှိပါတယ်၊ ဒါကလည်း ဒီမိုကရေစီ နိုင်ငံ ဖြစ်ခြင်းရဲ့ အောင်မြင်မှုတွေထဲက တစ်ခုပါ၊ ကျွန်တော် ပြောရမယ်ဆိုရင်တော့ ကျွန်တော်ဟာ အနာဂတ်ကိုတော့ ခန့်မှန်းနိုင်မှာ မဟုတ်ဘူးလေ၊ ဒါပေမယ့် ကျွန်တော် ပြောချင်တာက ကျွန်တော်တို့ မြန်မာနဲ့အကြား လက်တွဲလုပ်ဆောင်ခဲ့တဲ့ ၁၅ နှစ်တာအတောအတွင်း၊ သမ္မတ ဂျော့ ဒဗလျူဘုရှ် အစိုးရလက်ထက်ကစလို့၊ သမ္မတ အိုဘားမား အစိုးရ၊ ခု ဆိုရင် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရလက်ထက်အထိပေါ့၊ မူဝါဒကတော့ အတော်လေးကို အပြောင်းအလဲမရှိ တသမတ်တည်း ကျခဲ့ပါတယ်၊ပြီးတော့ ယေဘုယျအားဖြင့်တော့ အစိုးရတစ်ရပ်စီတိုင်းက သူတို့ရဲ့ အရင် အစိုးရနဲ့ မတူကွာခြားအောင် လုပ်ချင်ကြပါတယ်၊ နိုင်ငံရေးပိုင်းမဟုတ်ဘဲ သံတမန်တစ်ဦးအနေနဲ့ ပြောရရင် ကျွန်တော်မြင်တာကတော့ မြန်မာအပေါ် ထားတဲ့ အမေရိကန်မူဝါဒပိုင်းမှာ ဆိုရင် အများအားဖြင့် အပြောင်းအလဲ မရှိ သတမတ်တည်းကျတယ်လို့ မြင်မိပါတယ်၊ ဒီအတိုင်း ဆက်သွားမယ်လို့လည်းကျွန်တော် မျှော်လင့်ပါတယ်” ဟု သံအမတ်ကြီး စကော့ မာစီယယ်က ပြောသည်။

ယခုနှစ်ထဲတွင် ပြုလုပ်ရန် ရှိနေသည့် မြန်မာ့ ရွေးကောက်ပွဲ၊ တပ်မတော်နှင့် အမေရိကန်အကြား ဆက်ဆံရေးပိုင်း တို့နှင့်ပတ်သက်ပြီး မဇျ္စိမ၏ မေးမြန်းမှုကို ဖြေဆိုရာတွင် သံအမတ်ကြီးက “ ပထမဆုံး ပြောချင်တာကတော့ ကျွန်တော်တို့ဟာ ရွေးကောက်ပွဲတွေကို အတော်လေးကို တန်ဖိုးထားပါတယ်၊ သူတို့တွေကိုလည်း စောင့်ကြည့်ဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်၊ ရွေးကောက်ပွဲ ကော်မရှင်နဲ့ အခြား အစုအဖွဲ့တွေကိကု ကူညီပေးနိုင်မယ့် နည်းပညာဆိုင်ရာ အထောက်အပံ့တွေကို ကျွန်တော်တို့ ထောက်ပံ့ပေးနေပါတယ်၊ ရွေးကောက်ပွဲတွေဟာ ပွင့်လင်းမြင်သာမှုရှိပြီး နည်းပညာပိုင်းအရ အကောင်းဆုံး ဖြစ်နေစေဖို့ ကြိုးစားနိုင်အောင်ပေါ့၊ ဆိုလိုတာက မဲဆန္ဒရှင်တွေ အများကြီး တတ်နိုင်သလောက် မဲပေးနိုင်ခွင့် ရဖို့ပေါ့၊ ဒီလိုအပိုင်းတွေကို ပြောတာပါ” ။ ဒါပေမယ့် ဝါရှင်တန်ဘက်ကတော့ ဘယ်သူ့ ဘက်ကိုမှ ဘက်လိုက်ဖို့ မရှိပါဘူး။

“ ဘယ်သူကတော့ နိုင်သင့်တယ်၊ ဘယ်သူကတော့ မနိုင်သင့်ဘူး၊ ဒါမျိုးကတော့ ခင်ဗျားတို့အပေါ်မှာပဲ မူတည်ပါတယ်၊ ကျွန်တော်တို့ နိုင်ငံမှာ ဆိုရင်လည်း ဘယ်သူက နိုင်သင့်တယ်၊ ဘယ်သူကတော့ မနိုင်သင့်ဘူး ဆိုတဲ့ ပြဿနာမျိုး ရှိပါတယ်၊ ဒီတော့ ဒီအပိုင်းကတော့ ခင်ဗျားတို့နဲ့ ဆိုင်တဲ့အပိုင်းလို့ပဲ ထားရမှာပါ၊ ဒါပေမယ့် တကယ်တမ်း ကျွန်တော်တို့ မျှော်လင့်တာက၊ လွတ်လပ်၊ မျှတ၊ အများယှဉ်ပြိုင်နိုင်တဲ့ ရွေးကောက်ပွဲတစ်ရပ် ဖြစ်ပေါ်လာဖို့ပါ၊ ခင်ဗျားတို့မှာ နိုင်ငံရေး ပါတီတွေအများကြီး ရှိနေတာကလည်း ကောင်းမွန်တယ်လို့ ကျွန်တော် ထင်ပါတယ်၊ နောက်ပြီး တက်ကြွတဲ့ မဲဆွယ်စည်းရုံးမှု၊ ဆွေးနွေးပြောဆိုမှုတွေ ရှိလိမ့်မယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်၊ ဘယ်သူနိုင်သင့်တယ်လို့ ခင်ဗျားတို့ ဘယ်လိုပဲဆုံးဖြတ်ပါစေ၊ ဒါ ခင်ဗျားတို့အပေါ်မှာပဲ မူတည်ပါတယ်” ဟု သံအမတ်ကြီးက ပြောသည်။

“ ဒုတိယကိစ္စက စစ်တပ်နဲ့ ဆက်ဆံရေးပေါ့၊ ကျွန်တော့် ပြောချင်တာ ဒါက ကျွန်တော် ပြောခဲ့သလိုပဲ အခြေအနေပေါ် မူတည်ပါတယ်၊ ကျွန်တော်တို့ဟာ တပ်မတော်နဲ့အကြား ဆက်ဆံချိတ်ဆက်မှုကို ပုံမှန်အတိုင်း ထိန်းထားနိုင်ဖို့ ကြိုးပမ်းနေပါတယ်၊ တစ်ခါတစ်ရံမှာတော့ အနည်းငယ် ခက်ခဲတာတွေတော့ ရှိခဲ့တာပေါ့၊ ဒါကလည်း တပ်မတော်အနေနဲ့  လူ့အခွင့်အရေးအပေါ် ပိုပြီး လေးစားလိုက်နာကြောင်း ပြသမယ့် ချဉ်းကပ်နည်းလမ်းတစ်ခုကို ပြောင်းလဲလာမယ့် အတိုင်းအတာအပေါ်မှာ မူတည်ပါတယ်၊ ရခိုင်တစ်ခုတည်းမှာတင်မဟုတ်ပါဘူး၊ အကုန်လုံးမှာပေါ့၊ ဒီလိုဆိုရင်တော့ ကျွန်တော်တို့အတွက် တပ်မတော်နဲ့အကြား ဆက်ဆံရေးတစ်ခု စတင်ထူထောင်နိုင်ဖို့ ပိုလွယ်သွားပါလိမ့်မယ်၊ ဆက်ဆံရေးတစ်ခုထက် ပိုတဲ့အတိုင်းအတာပေါ့၊ ဒါကတော့ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက် ဖြစ်လာပါလိမ့်မယ်၊ ICJ က ကိစ္စတွေတော့ ကျွန်တော်လည်း သိပ်မသိပါဘူး၊ သည်ဟိဂ်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောခဲ့တာတွေပါ၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ ထွက်လာပြီးနောက်မှာတော့ မြန်မာစစ်တပ်အနေနဲ့လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ အရေးယူသွားလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်၊ ဒီလိုဆိုရင်လည်း ကျွန်တော်တို့ဘက်က ကြိုဆိုသွားမှာပါ၊ ဒါက အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်လှမ်း ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

“ ဒါပေမယ့် ကျွန်တော် မသိပါဘူး၊ ဒီတော့ ဒါကတော့ အခြေအနေအပေါ်မှာပဲ မူတည်ပါလိမ့်မယ်၊ ပြီးတော့ ကျွန်တော်တို့ရော ကမ္ဘာတစ်ဝန်းကရော၊ ဒေသတွင်းမှာပါကတော့လေ၊ စစ်တပ်တွေဘက်က လူ့အခွင့်အရေးအပေါ် ကာကွယ်ဖို့ ပိုမိုကြိုးစားလာလေ၊ ကျွန်တော်တို့ကလည်း သူတို့အတူ လက်တွဲဆောင်ရွက်ဖို့ ပိုမို စိတ်ပါဝင်စားလာလေ ဖြစ်ပါတယ်၊ ပြီးတော့ အဲဒီလိုအခြေအနေတိုးတက်မှုတွေ ရဖို့ ကျွန်တော်တို့ ရှာနေပါတယ်၊ ဘယ်နေရာမှာမှ ပြီးပြည့်စုံနေရမယ်လို့တော့ ကျွန်တော်တို့ မမျှော်လင့်ပါဘူး၊ ဒါပေမယ့် တိုးတက်မှုတွေကိုပဲ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု သံအမတ်ကြီးက ပြောသည်။

အလားတူ ဆန်ရှင်ပိုင်းနှင့်ပတ်သက်၍လည်း အမေရိကန်အနေဖြင့် နိုင်ငံများကို ထိခိုက်နစ်နာအောင် အပြစ်ပေးခြင်းမျိုး မဟုတ်ကြောင်း ၎င်းက အလေးပေးပြောသွားသည်။

“ ဆန်ရှင်တွေ ချမှတ်တယ်ဆိုတာကတော့ သူတို့ရဲ့ ပြုမူလုပ်ဆောင်မှုတွေ ပြောင်းလဲသွားအောင် တွန်အားပေးချင်လို့ဖြစ်ပါတယ်၊ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ စစ်တပ် ဌာန တွေအပေါ်မှာပဲ ဆန်ရှင်ချတာပါ၊ နိုင်ငံသားတွေကို ထိခိုက်ကောင်းထိခိုက်စေနိုင်တဲ့ စီးပွားရေး ဆန်ရှင်တွေ ချတာမျိုး မဟုတ်ပါဘူး ၊ ကျွန်တော်တို့ကတော့ သာမန် ပြည်သူပြည်သူတွေကို ထိခိုက်သွားစေနိုင်တဲ့ ဆန်ရှင်မျိုး မချမှတ်မိအောင် အထူးအထူး ဂရုစိုက်လုပ်ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

“ ကျွန်တော် ပြောချင်တာ နောက်တစ်ခုကတော့ ရခိုင်မှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အစိုးရကို အသေအချာ တိုက်တွန်းချင်တယ်ဆိုတာပါပဲ” ဟုလည်း ၎င်းက ပြောသွားသည်။

“  အကယ်၍ မြန်မာအနေနဲ့ တရုတ်နဲ့ ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံချင်တယ်ဆိုရင်လည်း ဒါက မြန်မာအစိုးရဘက်က ချမှတ်နိုင်တဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ၊ ကျွန်တော်တို့ဘက်ကတော့ မြန်မာနဲ့အကြား ခိုင်မာတဲ့ ဆက်ဆံရေး တစ်ခု ထူထောင်ထားဖို့အတွက်ပဲ အလေးထား အာရုံစိုက်ထားပါတယ်၊ တစ်ခြားနိုင်ငံတွေနဲ့အကြား ပို မိုကောင်းမွန်တဲ့ ဒါမှမဟုတ် ပိုမို ဆိုးရွားတဲ့ ဆက်ဆံရေးတွေ ရဖို့ကတော့ မြန်မာဘက်ကပဲ ရွေးချယ်ရမှာဖြစ်ပါတယ်၊ ဒါက မြန်မာအပေါ်မှာပဲ မူတည်ပါတယ်” ဟု မစ္စတာ မာစီယယ်က ပြောသွားသည်။

Mizzima Weekly