အနည်းဆုံး အခကြေးငွေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အမျိုးသား လွှတ်တော်တွင် တင်သွင်း

အနည်းဆုံး အခကြေးငွေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အမျိုးသား လွှတ်တော်တွင် တင်သွင်း

နေပြည်တော်၊ ဇန်နဝါရီ ၃၀၊၂၀၂၀ ။                   ။  အနည်းဆုံးအခကြေးငွေကို နှစ်နှစ်တစ်ကြိမ် ပြင်ဆင်ထုတ်ပြန်ရမည်ဆိုသည့် အချက်အပါအဝင် ပြင်ဆင် ပယ်ဖျက်ရန် အချက်ပေါင်း ခြောက်ဆယ်ကျော် ပါဝင်သော အနည်း ဆုံး အခကြေးငွေ သတ်မှတ်ချက် ဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်တွင် ဇန်နဝါရီ ၃၀ရက်နေ့က တင်သွင်းခဲ့သည်။

အဆိုပါ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီဥက္ကဌ ဦးကျော်ထွေး က တင်သွင်းခဲ့ခြင်း ဖြစ်သည်။

“ဒီပြင်ဆင် ပြဌာန်းခြင်းက အလုပ်သမားတွေ အလုပ်အကိုင် အခွင့် အလမ်းခိုင်မာဖို့ စားဝတ်နေရေး အတွက် လုံလောက်တဲ့ လူသား တစ်ယောက် ရပ်တည်ဖို့အတွက် လုံလောက်တဲ့အခကြေးငွေဖြစ်ဖို့ အဓိကပေါ့ ကျန်တာတော့ ကျွမ်းကျင်မှုနဲ့ ကုန်ထုတ်လုပ်မှုစရိတ်တွေကတော့ အလုပ်သမားနဲ့ အလုပ်ရှင်နဲ့ ဆက်ဆံရေးအပေါ်မှာ မူတည်ပါတယ်” ဟု ဦးကျော်ထွေးက သတင်းမီဒီယာများကို ပြောသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရန်အတွက် နှစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ်ပြင်ဆင် သတ်မှတ် ပြဌာန်းရမည်ဆိုသည့်အချက်ကြောင့် အလုပ်သမားများ၏ လုပ်ခလစာ တိုးမြှင့်ရလိုမှု အလုပ်ရှင်များ၏ ရင်းနှီးမြှပ်နှံမှု သဘောအရ တိုးမြှင့်ပေးရန် ခက်ခဲသည့် အခြေ အနေ များကြောင့် လုပ်ငန်းခွင် တည်ငြိမ်မှုများကို ထိခိုက်လာနိုင်သည်ဟု ကော်မတီက သုံးသပ်ထားသည်။

ယခုကဲ့သို့ ဥပဒေကို ပြင်ဆင်ရန် အတွက် အစိုးရ တာဝန်ရှိသူများ အလုပ်ရှင် ကိုယ်စားလှယ် ၊ အလုပ်သမား ကိုယ်စားလှယ်များ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီဝင်များနှင့် ရှေ့နေချုပ် ရုံး က ဥပဒေပညာရှင်များ တွေ့ဆုံညှိနှိုင်းပြီး ရေးဆွဲခဲ့သည်ဟု သိရသည်။

အနည်းဆုံးအခကြေးငွေ ဥပဒေကို ပြင်ဆင်ရန်အတွက် လွှတ်တော် ကော်မတီက နှစ်ကြိမ် ခေါ်ယူတွေ့ဆုံခဲ့သော်လည်း လုံလောက်သည့် ဆွေးနွေးခွင့် မရခဲ့သလို နှစ်နှစ်တစ်ကြိမ် အနည်းဆုံးအခကြေးငွေကို ပြင်ဆင်သတ်မှတ် ပေးရမည်ဆိုသည့်အချက်ကို ပြင်ဆင်ခြင်းအား ကန့်ကွက်ကြောင်း သဘောထား ပေးထားသည်ဟု အမျိုးသားအဆင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးကော်မတီ အလုပ်သမားကိုယ်စားလှယ် ဦးဝင်းဇော်က မဇ္စျိမကို ပြောသည်။

လက်ရှိ ဥပဒေတွင် အနည်းဆုံးအခကြေးငွေ သတ်မှတ်ခြင်းကို အလုပ်ရှင် အလုပ်သမားနှင့် အစိုးရ သုံးပွင့်ဆိုင် သဘောတူညီချက်နှင့် သတ်မှတ်ရန် ပြဌာန်းထားသော်လည်း အမှန်တစ်ကယ်တွင် စီးပွားရေးပညာရှင် နှင့် အလုပ်သမားအရေး ကျွမ်းကျင်သူများ လည်း ပါဝင်သင့်ကြောင်း ကော်မတီဥက္ကဌက ဥပဒေကြမ်းတင်းသွင်းရာတွင် ပြောသည်။

“အနိမ့်အခကြေးငွေသတ်မှတ်တာ နိုင်ငံရဲ့ ပကတိစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကုန်စျေးနှုန်း အခြေအနေ လူနေမှုစရိတ်စတာတွေကို အမျိုးသား ကော်မတီ အဖွဲ့က စဉ်ဆက်မပြတ်သုံးသပ်ပြီး အချိန်အခါ သင့်တဲ့အခါမှာ ဆောင်ရွက် သင့်တာဖြစ်ပါတယ်။ တစ်နှစ်အတွင်းလည်း ပြင်သင့်ရင်ပြင်ရမယ် ဆယ်နှစ် အတွင်းလည်း ပြင်သင့်ရင် ပြင်ရမယ်လို့ မြင်ပါတယ်။ စီးပွားရေး ပညာ သဘော အရဆိုရင်လည်း နှစ်နှစ် တစ်ကြိမ်ပြင်ဆင်ရမယ်လို့ ကြိုတင် သတ်မှတ် ထားတာဟာ ဘယ်လိုမှ မဖြစ်သင့် မဖြစ်ထိုက်ပါဘူး။ အလုပ်ရှင်တွေအတွက်ရော အလုပ်သမားတွေ အတွက်ရော အစိုးရ အတွက်ပါ ဖိအားတွေ ဖြစ်စေနိုင်ပါတယ်” ဟု ဦးကျော်ထွေးက ပြောသည်။

အနည်းဆုံးအခကြေးငွေ ဥပဒေကို ၂၀၁၃ခုနှစ်က ပြဌာန်းခဲ့ပြီး ၂၀၁၅ သြဂုတ်လတွင် တစ်နေ့လျှင် အလုပ်ချိန် ရှစ်နာရီအတွက် ၃၆၀၀ ကျပ် ၂၀၁၈ မေလတွင် တစ်နေ့အလုပ်ချိန် ရှစ် နာရီအတွက် ၄၆၀၀ ကျပ် သတ်မှတ်ခဲ့ပြီး တည်ဆဲဥပဒေအရဆိုလျှင် ၂၀၂၀ မေလတွင် မဖြစ်မနေ အနည်းဆုံးအခကြေးငွေကို ပြန်လည် သတ်မှတ်ပေးရမည့် အခြေ အနေ ဖြစ်သည်။

အနည်းဆုံး လုပ်ခလစာ တိုးမြှင့်ပေးရန်အတွက် ယခုနှစ် ဇန်နဝါရီ လအတွင်း မှာပင် အလုပ်သမားများက ရန်ကုန်မြို့တွင် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly