KNU ၏ ဆွဲမိုင်းကြောင့် တပ်ရင်းမှူးတစ်ဦးကျဆုံးဟုဆို

KNU ၏ ဆွဲမိုင်းကြောင့် တပ်ရင်းမှူးတစ်ဦးကျဆုံးဟုဆို
PHOTO- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်၊ ဇန်နဝါရီ ၃၀ ။         ။ ကရင်ပြည်နယ်အတွင်း ဇန်နဝါရီလထဲမှာ ဆွဲမိုင်းတိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ တပ်ရင်းမှူးအဆင့်ရှိသူတစ်ဦး ကျဆုံး ခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရသူ ဗိုလ်မှူးကြီး ကျော်စိုးမိုးက မဇ္ဈိမသို့ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်နေ့တွင် တစ်ကြိမ်နှင့် ဇန်နဝါရီ ၂၈ ရက်နေ့တွင် တစ်ကြိမ် ဆွဲမိုင်းဖြင့် တိုက်ခိုက်ခံခဲ့ရကာ အဆိုပါ တပ်ရင်းမှူးမှာ ဇန်နဝါရီ ၂၇ ရက်နေ့ တိုက်ခိုက်မှုတွင် ကျဆုံးခဲ့ခြင်းဟုလည်း သိရသည်။

“၂၇ ရက်နေ့က တစ်နေရာ စစ်ဆင်ရေးဖြစ်တာက တစ်နေရာ ဘောဂလိနယ်မြေဘက်မှာဖြစ်တာပေါ့။ ဒီလထဲနဲ့တွက်မယ်ဆိုရင်တော့ နှစ်ခါရှိပြီပေါ့ မိုင်းဆွဲတာ” ဟု ဗိုလ်မှူးကြီး ကျော်စိုးမိုးကပြောသည်။

ဇန်နဝါရီ ၂၈ ရက်နေ့မိုင်းဆွဲမှုတွင် တပ်မတော်သားတချို့ ဒဏ်ရာရရှိခဲ့ကာ ဆန်ရိက္ခာများသာ ဆုံးရှုံးခဲ့ရသည်ဟုလည်း ၎င်းကဆိုသည်။

ကရင်ပြည်နယ် ဖာပွန်ခရိုင် လူသောမြို့နယ် ခေးပူ နှင့် လယ်မူပလောရွာအကြား၌ ကားလမ်းဖောက်လုပ်ရန် ဆိုသည့် အကြောင်းပြချက်ဖြင့် ၂၀၁၈ ခုနှစ် မတ်လ ၄ ရက်နေ့မှ စပြီး တပ်မတော်မှ ဝင်ရောက်လာခဲ့သည်။

ယင်းသို့ တပ်မတော်ဘက်မှ KNU ထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာမှုကြောင့် နှစ်ဖက်တပ်ဖွဲ့များအကြား တင်းမာမှု ဖြစ်ပွားခဲ့ပြီး ရွာပေါင်း ၁၄ ရွာ ၊ လူဦးရေ ၂၀၀၀ နီးပါး စစ်ရှောင်ခဲ့ရသေးသည်။
နောက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ် ချုပ်ကြီး စောမူတူးစေးဖိုး တို့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သကဲ့သို့ အောက်ခြေအဖွဲ့ဝင် များ အချင်းချင်းလည်း ဆွေးနွေးခဲ့ကြသေးသည်။

မည်သည့်အတွက်ကြောင့် ဆွဲမိုင်းပေါက်ကွဲခဲ့ရသည်ကို သိရှိနိုင်ရန် ကရင်အမျိုးသားအစည်းအရုံး(KNU) သို့ ဆက်သွယ်သော်လည်း ဖုန်း အဆက်သွယ် မရရှိသေးပေ။

တပ်မတော်ဘက်ကမူ အဆိုပါအစည်းအဝေးများတွင်သဘောတူညီထားသည့်အတိုင်း ကြိုတင်အကြောင်းကြားပြီးမှသာ သွားလာလှုပ်ရှား နေခြင်းဟုဆိုသည်။

တပ်မတော်အနေဖြင့် အကြောင်းကြားခဲ့သော်လည်း KNU တပ်မဟာ (၅) ဘက်မှ ခွင့်မပြုထားကြောင်းနှင့် အဆိုပါမိုင်းမှာ တပ်မတော်သား များကိုယ်တိုင် ရှင်းလင်းဖောက်ခွဲစဉ် ပေါက်ကွဲကာ ပြန်လည်ထိမှန်ခြင်းသာ ဖြစ်သည်ဟုလည်း KNU ဘက်က ပြည်တွင်းသတင်းဌာနတစ်ခုသို့ ဖြေကြားထားသည်။

ထို့ကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU)မှ မိုင်းထောင်ဖောက်ခွဲသည်ဟုဆိုကာ JMC သို့ ကန့်ကွက်စာပို့ထားကြောင်း တပ်မတော်ဘက်မှပြောသည်။

ကရင် အမျိုးသားအစည်းအရုံး (KNU) သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုအနေဖြင့် ယုံကြည်မှုတည်ဆောက်ချိန်တွင် တပ်မတော်ဘက်မှ စစ်ရေးအမြင်ဖြင့် လမ်းဖောက်လုပ်သည့် လုပ်ဆောင်ချက်သည့် NCA သဘောတူညီချက်များအား ချိုးဖောက်နေသည်ဟု KNU က ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး KNU ဘက်မှလည်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ ( JMC-U)အား စာပေးပို့ ကန့်ကွက်ခဲ့ဖူးသည်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly