ဇန်နဝါရီ ၂၇။ ။ အမေရိကန် ဘတ်စ်ကက်ဘော အကျော်အမော် ကိုဘီ ဘရိုင်ယန်နှင့် သမီးဖြစ်သူ ဂျီယန်နာ တို့သည် ဇန်နဝါရီ ၂၆ ရက်က ကယ်လီဖိုးနီးယားတွင် ရဟတ်ယာဉ် ပျက်ကျမှုကြောင့် သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ကယ်လီဖိုးနီးယားပြည်နယ် ကာလာဘာဆက်မြို့တွင် ဖြစ်ပွားသော အဆိုပါ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ဘရိုင်ယန်နဲ့ သမီးဖြစ်သူ ဂျီယန်နာ တို့အပါအဝင် လူကိုးဦး သေဆုံးခဲ့ရသည်။
အသက် ၄၁ နှစ်အရွယ် ဘရိုင်ယန် လိုက်ပါစီးနင်းလာသော ကိုယ်ပိုင် ရဟတ်ယာဉ်သည် ပျက်ကျပြီး မီးလောင်သွားခဲ့ရာ အသက်ရှင်သူ မရှိခဲ့ဟု တာဝန်ရှိသူများက အတည်ပြုသည်။
LA Lakers အသင်းအတွက် ကစားခဲ့သည့် ဘရိုင်ယန်သည် ဘတ်စ်ကက်ဘောလောကတွင် အထူးကျော်ကြားသူ ဖြစ်ပြီး နိုင်ငံတကာ အားကစားလောက၏ အကြီးကျယ်ဆုံး ကစားသမားတစ်ဦး ဖြစ်သည်။
ယခုကဲ့သို့ ရဟတ်ယာဉ် ပျက်ကျပြီး ဘရိုင်ယန် ကွယ်လွန်သွားခြင်းအတွက် အခြားသော အားကစားသမားများနဲ့ အခြား ထင်ရှားကျော်ကြားသူများကလည်း ဝမ်းနည်းကြေကွဲကြောင်း ထုတ်ဖော်သွားခဲ့ကြသည်။