ရွှေတူးဖော်ရေးလုပ်ငန်းတွင် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံ နေရဟုဆို

ရွှေတူးဖော်ရေးလုပ်ငန်းတွင် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံ နေရဟုဆို

မန္တလေး၊ ဇန်နဝါရီ ၁၅၊ ၂၀၂၀ ။       ။ မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် ကံတောင်ကျေးရွာရှိ ထက်ရည်လင်း ရွှေသတ္တု တူးဖော် ထုတ်လုပ်ရေး ကုမ္ပဏီသည် အလုပ်သမား အခွင့်အရေး များ ချိုးဖောက်နေသည်ဟု ဆိုကာ အလုပ်သမားအချို့က ဇန်နဝါရီလ ၁၅ ရက် နံနက်က မန္တလေးမြို့ ၃၃လမ်းနှင့်၃၄လမ်းကြား သရဖီလမ်းသွယ်ရှိ မီဒီယာစင်တာ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ကုမ္ပဏီအနေဖြင့် အလုပ်သမားများအပေါ် ခွင့်အရေးများ ချိုးဖောက်ခြင်း အချိန်ပိုကြေးမပေးခြင်းနှင့် အလုပ်သမား ခေါင်းဆောင် သုံးဦးကို အလုပ်ထုတ်လိုက်သည့် ကိစ္စနှင့်ပတ်သက်၍ ညှိုနှိုင်းဖြေရှင်းပေးရန်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများထံတွင် အကြိမ်ကြိမ် တင်ပြခဲ့သော်လည်း ယနေ့အချိန်ထိ ပြေလည်အောင် ညှိုနှိုင်းဆောင်ရွက်ပေးခြင်း မရှိကြောင်း အလုပ်သမား များက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အလုပ်သမားများ အနေဖြင့် အနည်းဆုံးအခကြေးငွေ ၄၈၀၀ ကျပ်ကို ပြည့်မီအောင်မရသလို အချိန်ပိုကြေးများလည်း မရသောကြောင့် အလုပ်သမား ၇၀၀ နီးပါး နစ်နာနေကြောင်း ၎င်းတို့ကဆိုကြသည်။

"ညှိုနှိုင်းမှု တစ်ခုနဲ့သွားချင်တယ်။အလုပ်သမားတွေရဲ့ အခွင့်အရေး ပြဿနာတွေကို ဖြေရှင်းညှိုနှိုင်းမှု တစ်ခုခု ရချင်လို့ သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်" ဟု အလုပ်သမား ကိုချစ်မင်းက သတင်းစာ ရှင်းလင်း ပွဲတွင် ပြောသည်။

အဆိုပါ ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားအများစုသည် တစ်လကို လစာငွေ ကျပ်တစ်သိန်းနှင့် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ လုပ်ကိုင်ခဲ့ရပြီး ထိုသို့လုပ်ကိုင်ရသော်လည်း အချိန်ပိုးကြေး မရကြောင်း လုပ်သက် ၁၇ နှစ်ရှိ အလုပ်ထုတ်ခံထားရသည့် အလုပ်သမား ခေါင်းဆောင် ကိုအောင်ကြည်မင်းက ပြောသည်။

ကိုအောင်ကြည်မင်းအပါအဝင် အလုပ်သမားခေါင်းဆောင် သုံးဦးကို ညီညွှတ်သော ရွှေမိုင်းတွင်း အခြေခံ အလုပ်သမား သမဂ္ဂအဖွဲ့ ဖွဲ့စည်းခြင်းကြောင့် ၂၀၁၈ခုနှစ် အောက်တိုဘာ ၃ ရက်နေ့တွင် ကုမ္ပဏီမှ အလုပ်ထုတ်လိုက်ကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့် အလုပ်သမားများကဆိုသည်။

"အလုပ်သမားတွေရဲ့ ဒုက္ခကို နိုင်ငံတော်က ကြည့်စေချင်တယ်။ အလုပ်သမားတွေကို တန်းဖိုးထားစေချင်တယ်" ဟု မြန်မာနို်င်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် မြန်မာနိုင်ငံ အလုပ်သမား ညှိုနှိုင်း ဖြန်ဖြေရေးနှင့် စည်းရုံးရေးမှူး တာဝန်ခံ ဦးချစ်ကောင်းက ပြောသည်။

အလုပ်ထုတ်ခံထားရသည့် အလုပ်သမား ခေါင်းဆောင် သုံးဦး အလုပ်ပြန်ခန့်ပေးရေး နိုင်ငံတော်ကသတ်မှတ်ပေးထားသည့် အနည်းဆုံးအခကြေးငွေ အပြည့်အဝရရှိရေးနှင့်အချိန်ပိုကြေး ရရှိရေးတို့ကို ပြေလည်အောင် ညှိုနှိုင်းဆောင်ရွက်ပေးခြင်းမရှိပါက လာမည့် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စဉ့်ကူးမြို့၌ ဆန္ဒဖော်ထုတ်မှု ပြုလုပ်သွားမှာဖြစ်သလို ကုမ္ပဏီးကိုလည်း ဆက်လက်ရွှေတူးဖော်ခွင့်မရရှိအောင် ရင်းနှီးမြုပ်နှံမှု ကော်မရှင်ထံ ကန့်ကွက်စာများ ပေးပို့သွားမည်ဟု သတင်းစာရှင်းလင်းပွဲ ပြုလုပ်သည့် အလုပ်သမားများကဆိုသည်။

သတင်းစာရှင်းလင်းပွဲတွင် အလုပ်သမားများ၏ ပြောဆိုနေမှုများသည် ထင်ယောင်ထင်မှား ဖြစ်စေရန် လုပ်ဆောင်ခြင်းသာဖြစ်ပြီး တိကျခိုင်လုံသည့် အချက် အလက် များ မဟုတ်ကြောင်း ထက်ရည်လင်းကုမ္ပဏီမှ ဒါရိုက်တာ ဦးမောင်ချစ်က ပြောသည်။

"ကျွန်တော်တို့က တည်ဆဲဥပဒေနဲ့အညီ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ဘက်က ဖောက်ဖျက်ကျူးလွန်တာ မရှိဘူး။ ကိုယ့်ရဲ့အလုပ်သမား တွေကို ဘယ်တော့မှ နစ်နာအောင်မလုပ်ဘူး။ ကျန်းမာရေးအတွက် လုပ်ပေးတယ်။ လိုအပ်တာလုပ်ပေးတယ်။ အတတ်နိုင်ဆုံး ကုမ္ပဏီကနေ ဖြည့်ဆည်း ပေးပါတယ်။ အခွင့်အရေးအပြည့်အဝပေးထားပါတယ်" ဟု ဦးမောင်ချစ်က ပြောသည်။

ယခုဖြစ်ပွားနေသည့် အဲငြင်းပွားမှုနှင့် ပတ်သက်၍ မြို့နယ်အလုပ်သမား အငြင်းပွားမှု ညှိုနှိုှုင်းရေးအဖွဲ့က မြို့နယ်အဆင့်၌ ညှိုနှိုင်းမှုများ ဆောင်ရွက် ပေး သော်လည်း ငွေကြေးအပေါ်တွင် ညှိုနှိုင်းမှု အဆင်မပြေ ခဲ့ခြင်းကြောင့် လက်ရှိတွင် တိုင်းအဆင့်သို့ တင်ပြထားကြောင်း တာဝန်ရှိသူ အမျိုးသမီး တစ်ဦးထံက သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly